ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း) သတ်ခံရမှုအပေါ်  ပြန်ကြားရေးဝန်ကြီးဌာနက လွဲ၍ စစ်တပ်အကြီးအကဲ နှင့်  အသိုင်းအဝန်းက ဝမ်းနည်းကြောင်း သတင်းစာတွင် မကြော်ငြာရဲကြ 

ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း) သတ်ခံရမှုအပေါ်  ပြန်ကြားရေးဝန်ကြီးဌာနက လွဲ၍ စစ်တပ်အကြီးအကဲ နှင့်  အသိုင်းအဝန်းက ဝမ်းနည်းကြောင်း သတင်းစာတွင် မကြော်ငြာရဲကြ 
စက်တင်ဘာ 28, 2022 | 2021 Military Coup| အခြားဒေသများ

နိုင်ငံ့အာဏာသိမ်းမှုကို အပြည့်အဝ ထောက်ခံပြီး အပျော်ကြီး အပျော်လွန်နေသည့် ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း) သတ်ခံရပြီးနောက် နိုင်ငံပိုင်သတင်းစာကနေ ဝမ်းနည်းကြောင်း ကြော်ငြာသူမှာ ပြန်ကြားရေးဝန်ကြီးဌာနက လွဲ၍ အခြား မည်သူများမှာ ထည့်သွင်းကြေညာရဲခြင်း မရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် စစ်တပ်မှ အဆင့်မြင့် အရာရှိများ သေဆုံးသည့်အခါ စစ်တက္ကသိုလ်ဆင်း အဖွဲ့သားများ နှင့် စစ်တပ်၏ အကြီးအကဲများ၊ အပေါင်းသင်း မိတ်ဆွေများက အစ နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာတို့တွင် "ဝမ်းနည်း ကြေကွဲကြောင်း (၂)ရက် (၃)ရက် ဆက်တိုက် ထည့်သွင်း ကြေညာလေ့ရှိသော်လည်း ယခု ဗိုလ်မှူးချုပ်အုန်းသွင် သေဆုံးမှုတွင် ဝမ်းနည်းကြောင်း ကြော်ငြာစာမှု တစ်ခုတည်းသာ တွေ့ရခြင်း ဖြစ်သည်။ 

ဝမ်းနည်းကြောင်း ကြော်ငြာ နှင့် ပတ်သက်၍  မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာတို့တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့မှ ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့အထိ  စိစစ်ကြည့်သည့်အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနက လွဲ၍ အခြား မည်သူမှ ထည့်သွင်း ကြော်ငြာရဲကြခြင်း မရှိသည်ကို တွေ့ရသည်။

ဗိုလ်မှူးချုပ်အုန်းသွင် အတွက်   ဝမ်းနည်းကြောင်းကို စက်တင်ဘာလ(၂၆)ရက်နေ့ထုတ် သတင်းစာတွင် ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုတည်းကသာ ထည့်သွင်းကြော်ငြာထားသည်ကို တွေ့ရခြင်း ဖြစ်သည်။

အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင်သည် နိုင်ငံကို စစ်တပ်မှ အာဏာသိမ်းရန် အမြဲလှုံ့ဆော်နေသလို နိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို စကားလုံးများဖြင့် အမြဲတိုက်ခိုက်နေသူဖြစ်သည်။

 

အသက်(၇၂)နှစ်အရွယ်ရှိ အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင်သည် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့  မွန်းလွဲ (၂)နာရီ (၄၅)မိနစ်အချိန်က သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ယင်းသို့ ပစ်သတ်ခံရခြင်းကြောင်း စစ်တပ်မှ အဆင့်အမြင့်အရာရှိများနှင့် အဆင့်မြင့်အငြိမ်းစားအရာရှိများအကြား တုန်လှုပ်ချောက်ခြားမှုများ ခံစားနေကြရသည်ဟုလည်း ကြားသိရသည်။

#TachileikNewsAgency