ကျိုင်းတုံမြို့တွင် ဝက်စာကျိုထားသည့် မီးဖိုကနေ တဆင့် နေအိမ်(၂)လုံး မီးလောင်

ကျိုင်းတုံမြို့တွင် ဝက်စာကျိုထားသည့် မီးဖိုကနေ တဆင့် နေအိမ်(၂)လုံး မီးလောင်
အောက်တိုဘာ 20, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့နယ်အတွင်း မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့(အောက်)ရွာတွင် ဝက်စာကျိုထားသည့် မီးဖိုကနေ မီးတဆင့် လောင်ရာမှ နေအိမ်နှစ်လုံး မီးလောင်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ နေ့လည်(၁)နာရီ မထိုးမီအချိန်က ပန်လော့(အောက်)ရွာအတွင်း ဦးဆမ်နွဲ၏ နေအိမ်တွင် လူမရှိတုန်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်တွင် ဝက်စာကျိုထားသည့် မီးဖိုကနေ နေအိမ်ထရံမှတဆင့် သက်ငယ်မိုး ဝါးကပ်ကာ နေအိမ်မီးလောင် ပြီးနောက် အနီးရှိ နှစ်ထပ်နေအိမ်ကိုပါ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရာသို့ ကျေးရွာတွင်းနေပြည်သူများနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းငြှိမ်းသတ်မှုကြောင့် နေ့လည်(၁)နာရီ (၂၅)မိနစ်ဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။