တရုတ်တွင် သတ်စားခံရမည့် ကြောင်အကောင်ရေ (၁၅၀) နီးပါးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့

 Photo: AFP/Vshine/Humane Society International,
Photo: AFP/Vshine/Humane Society International,
တရုတ်တွင် သတ်စားခံရမည့် ကြောင်အကောင်ရေ (၁၅၀) နီးပါးကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့
စက်တင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် သားသတ်ရုံသို့ ပို့ဆောင်မည့် ကြောင်အကောင်ရေ (၁၅၀) နီးပါးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာတိရိစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့အစည်းက ပြောသည်။ 

တရုတ်အရှေ့ပိုင်း ရှန်းတုန်း ပြည်နယ် Jinan မြို့တွင် ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိစဥ် ကြောင်းများကို လှောင်အိမ်များအတွင်း ထည့်သွင်းထားကြောင်း Humane Society International (HSI) ၏ ဩဂုတ်လ (၃၀) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကြောင်ဖမ်းသည့်ဂိုဏ်းက လှောင်အိမ်များထဲတွင် စာကလေးများကို ထောင်ချောက်အစာအဖြစ် ထည့်သွင်းထားပြီး လှောင်အိမ်အတွင်းသို့ ကြောင်တစ်ကောင် ဝင်ရောက်လာပါက အဝေးထိန်းခလုတ်သုံးကာ တံခါးကို အမြန်ပိတ်ပစ်ခြင်းဖြင့် ဖမ်းဆီးကြသည်ဟု ပြည်တွင်းတိရိစ္ဆာန်အခွင့်အရေးအုပ်စု VShine မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

"သူတို့အခြေအနေကို မြင်ရတာ တုန်လှုပ်စရာကောင်းပါတယ်။ သူတို့ထဲက အများအပြားက ပိန်ချုံးပြီး အော်နေကြတယ်" ဟု ၎င်း၏အမည်ကို Huang ဟုသာ မိတ်ဆက်ခဲ့သူ၏ HSI သို့ ပေးပို့သည့် ထုတ်ပြန်ချက်တွင် ပြောထားကြောင်း သိရသည်။ 

"နောက်ထပ် အကြီးအကျယ် တုန်လှုပ်ရတာက ကြောင်တွေကို မျှားခေါ်ဖို့အတွက် အသုံးချတဲ့ စာကလေး အရှင်တွေ ဒါဇင်နဲ့ချီ တွေ့ရတာပါပဲ" ဟု ၎င်းကပြောသည်။

ယခု ကယ်တင်နိုင်ခဲ့သည့် ကြောင်အများစုမှာ နေအိမ်များတွင် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားသည့် ကြောင်များဖြစ်သည်ဟု ယူဆရပြီး ၎င်းတို့ကို တိရိစ္ဆာန်စောင့်ရှောက်ရေးနေရာများသို့ ပို့ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တရုတ်တွင် ထိန်သိမ်းကာကွယ်ရန် သတ်မှတ်ထားသည့် မျိုးစိတ်ဖြစ်သော စာကလေးအကောင်ရေ (၃၁) ကောင်ကိုလည်း တွေ့ရှိခဲ့ရပြီး ၎င်းတို့ကို တောအုပ်ထဲသို့ ပြန်လွှတ်ပေးခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ခွေးနှင့်ကြောင်များကို ချက်ပြုတ်စားကြသည့် အလေ့အထရှိကြသည်။ 

HSI ၏ အချက်အလက်များအရ တရုတ်တွင် နှစ်စဥ် ခွေးအကောင်ရေ (၁၀) သန်းနှင့် ကြောင်အကောင်ရေ (၄) သန်းကို ချက်ပြုတ်စားရန် သတ်ဖြတ်ကြသည်ဟု သိရသည်။ 

တရုတ်တွင် တောရိုင်းတိရိစ္ဆာန် စားသုံးခြင်းနှင့် ရောင်းဝယ်ခြင်းကို ၂၀၂၀ ခုနှစ်တွင်း တားမြစ်ပိတ်ပင်ခဲ့သော်လည်း ခွေးနှင့်ကြောင်အသားကို နိုင်ငံ၏ နေရာဒေသအချို့တွင် စားကောင်းသောက်ဖွယ်အဖြစ် မှတ်ယူထားကြဆဲ ဖြစ်သည်။

နှစ်စဥ် ဇွန်လအတွင်း တရုတ်တောင်ပိုင်း ယူလင် မြို့တွင် ခွေးသားစားပွဲတော် ကျင်းပပြုလုပ်လေ့ရှိပြီး ထိုပွဲတော်တွင် စားသုံးရန်အတွက် ခွေးနှင့်ကြောင် အရှင်များကို ရောင်းချကြသည်။ 

တရုတ်တောင်ပိုင်း ကွမ်တုန်းပြည်နယ် နှင့် ကွမ်ရှီး ကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် ခွေးနှင့်ကြောင်တို့ကို စားကြသည့်အလေ့အထမှာ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့ကြောင်းလည်း သိရသည်။

Source: AFP

 Photo: AFP/Vshine/Humane Society International,