မလေးရှားနိုင်ငံက မဖြစ်မနေ သေဒဏ်ချမှတ်မှုကို ဖျက်သိမ်းမည်

မလေးရှားနိုင်ငံက မဖြစ်မနေ သေဒဏ်ချမှတ်မှုကို ဖျက်သိမ်းမည်
By Mr John

မလေးရှားအစိုးရက ဥပဒေအရ မဖြစ်မနေ သေဒဏ်ချမှတ်မှုကို ဖျက်သိမ်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးဝန်ကြီး Wan Junadi Tuanku Jaafar က ပြောကြားသည်။ 

ဇွန်လ (၁၀) ရက်နေ့ ထုတ်ပြန်ချက်တွင် မလေးရှားဝန်ကြီးချုပ်ရုံး၌ လွှတ်တော်နှင့် တရားရေးဆိုင်ရာများ တာဝန်ယူထားသည့် Wan Junadi က သေဒဏ်ကို တရားရုံးဆုံးဖြတ်ချက်အရ အခြား ပြစ်ဒဏ်အမျိုးအစားများဖြင့် အစားထိုးသွားမည်ဟု ပြောထားသည်။

ဇွန်လ (၈) ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် သေဒဏ်အစား အခြား ပြစ်ဒဏ်များကို လေ့လာထားသည့် အစီရင်ခံစာတစ်ရပ် တင်ပြခဲ့ပြီးနောက် သေဒဏ်ဖျက်သိမ်းရန် မလေးရှားအစိုးရက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

 "မဖြစ်မနေ သေဒဏ်ချမှတ်သည့် ပြစ်မှု (၁၁) မျိုး၊ မူးယစ်ဆေးဝါးအန္တရာယ် အက်ဥပဒေ ၃၉ (ခ) အရ ပြစ်မှုတစ်ခုနှင့် တရားရုံးဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်သည့် ပြစ်မှု (၂၂) မျိုးတို့အတွက် အဆိုပြုထားသော အစားထိုးပြစ်ဒဏ်များနှင့် ပတ်သက်၍ နောက်ထပ် လေ့လာမှုများနှင့် သုတေသန ပြုလုပ်သင့်ကြောင်း အစိုးရအဖွဲ့က သဘောတူညီခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးအန္တရာယ် အက်ဥပဒေ ၃၉ (ခ) မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သက်ဆိုင်ကြောင်း သိရသည်။ 

မလေးရှားတွင် လက်ရှိ သေဒဏ်ချမှတ်နိုင်သည့် ရာဇဝတ်မှုများတွင် လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနှင့် သေနတ်ကိုင်ဆောင်မှုတို့ ပါဝင်သည်။ 

သေဒဏ်ကို အစားထိုးမည့် အခြား ပြစ်ဒဏ်များနှင့် ပတ်သက်၍ နောက်ထပ် လေ့လာမှုများကို ရှေ့နေချုပ်ရုံးများ၊ ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနနှင့် အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဌာနများ အတူတကွ ဆောင်ရွက်သွားမည်ဟု Wan Junadi က ပြောသည်။

ထပ်မံသိရှိရသည့် သတင်းအရ မလေးရှားတွင် သေဒဏ်ပြစ်ဒဏ် ဆက်ရှိနေမည်ဖြစ်သော်လည်း အချို့အမှုများအတွက် မဖြစ်မနေ သေဒဏ်ချမှတ်မှုရှိတော့မည် မဟုတ်ကြောင်းနှင့် တရားသူကြီးများအနေဖြင့် ပြစ်ဒဏ်ချမှတ်ရာတွင် ၎င်းတို့၏ ဆင်ခြင်ဆုံးဖြတ်မှုအရ ဆောင်ရွက်နိုင်မည်ဟု ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဘ်က ပြောကြောင်း သိရသည်။

Source: CNA, Bangkok Post