အင်ဒိုနီးရှား ဘောလုံးပွဲဖြစ်ရပ်အတွင်း သေဆုံးသူများအနက် ကလေး (၃၂) ဦး ပါဝင်ခဲ့

အင်ဒိုနီးရှား ဘောလုံးပွဲဖြစ်ရပ်အတွင်း သေဆုံးသူများအနက် ကလေး (၃၂) ဦး ပါဝင်ခဲ့
အောက်တိုဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဘောလုံးအားကစားကွင်းအတွင်း လူအုပ်စု လဲပြိုမှုကြောင့် နောက်ဆုံး အတိအကျ အတည်ပြုရသည့် သေဆုံးခဲ့သူ (၁၂၅) ဦးအနက် ကလေး (၃၂) ဦး ပါဝင်ကြောင်း အစိုးရတာဝန်ရှိသူများက အောက်တိုဘာလ (၃) ရက်တွင် ပြောသည်။ 

သေဆုံးသည့် ကလေးအရေအတွက်ကို ကနဦးတွင် (၁၇) ဦးဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သော်လည်း နောက်ဆုံးအတည်ပြုချက်အရ (၃၂)ဦး ဖြစ်ကြောင်း သိရသည်။

 ဘောလုံးကွင်းဖြစ်ရပ်တွင် သေဆုံးခဲ့သည့် ကလေးများ၏ အသက်အရွယ်မှာ (၃) နှစ်မှ (၁၇) နှစ်အတွင်းဖြစ်ကြောင်း အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ Nahar က ပြောသည်။

အောက်တိုဘာလ (၂) ရက်နေ့က အင်ဒိုနီးရှား Liga 1 ဘောလုံးပြိုင်ပွဲအဖြစ် အရှေ့ဂျာဗားပြည်နယ် Malang မြို့ရှိ Kanjuruhan အားကစားကွင်းတွင် ခါးသီးသည့် ပြိုင်ဘက်များဖြစ်သော Arema FC နှင့် Persebaya Surabaya တို့ ယှဥ်ပြိုင်ကစားခဲ့ကြသည်။ 

ထိုပွဲစဥ်တွင် Arema FC က (၃) ဂိုး (၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲပြီးခရာမှုတ်ချိန်တွင် ပရိသတ်များ ဘောလုံးကွင်းအတွင်း ပြေးဆင်းလာပြီး ဆူပူသောင်းကျန်းခဲ့သည်။

ထိုအခြေအနေတွင် ရဲတပ်ဖွဲ့က ဆူပူသောင်းကျန်းသည့် ပရိသတ်များကို လူစုခွဲရန် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရာမှ ဘောလုံးကွင်းအတွင်းရှိ ပရိသတ်များ ကြောက်လန့်တကြားဖြင့် အပြင်သို့ထွက်ပြေးရန် ကြိုပမ်းကြစဥ် လူအုပ်စု လဲပြိုကျမှုနှင့် အသက်ရှူကျပ်မှုတို့ကြောင့် သေဆုံးခဲ့ကြသည်။ 

အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်က ရဲတပ်ဖွဲ့အနေဖြင့် မျက်ရည်ယိုဗုံး အသုံးပြုခဲ့မှုအပေါ် မေးခွန်းထုတ်ခဲ့ကြောင်းလည်း သိရသည်။

အင်ဒိုနီးရှားအစိုးရက ယခုဖြစ်ရပ်တွင် သေဆုံးခဲ့သူများ၏ မိသားစုများကို အင်ဒိုနီးရှား ရူပီးယားငွေ သန်း (၅၀) (အမေရိကန်ဒေါ်လာ ၃,၂၆၈) လျော်ကြေးပေးသွားမည်ဟု အကြီးတန်း ဝန်ကြီးတစ်ဦးက ပြောသည်။ 

သမ္မတဂျိုကိုဝီဒိုဒို၏ရုံးက ထိုလျော်ကြေးငွေကို တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပေးအပ်သွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ 

ယင်းအပြင် ဘောလုံးကွင်းဖြစ်ရပ်တွင် ဒဏ်ရာရခဲ့သူများကိုလည်း အခမဲ့ ဆေးကုသပေးသွားမည်ဟု အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး Mahfud MD က ပြောသည်။



ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ပညာရှင်များ၊ ဘောလုံးကျွမ်းကျင်သူများနှင့် အစိုးရအရာရှိများ ပါဝင်သော လွတ်လပ်သည့် အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမည်ဟု အင်ဒိုနီးရှားအစိုးရက ဆိုသည်။ 

ထိုအဖွဲ့က ဝမ်းနည်းကြေကွဲဖွယ် ဘောလုံးကွင်းဖြစ်ရပ်အတွက် တာဝန်ရှိသူများကိုလည်း လာမည့် ရက်အနည်းငယ်အတွင်း ရှာဖွေဖော်ထုတ်မည် ဖြစ်သည်။ 

လုံခြုံရေးဝန်ကြီး Mahfud MD က Instagram တွင် ပို့စ်တင်ထားမှုအရ Kanjuruhan အားကစားကွင်း၌ ယှဥ်ပြိုင်ကစားသည့် ယခု ဘောလုံးပွဲစဥ်အတွက် လက်မှတ် (၄၂,၀၀၀) ရောင်းချထားခဲ့ကြောင်းနှင့် ထိုအားကစားကွင်းမှာ ပရိသတ် (၃၈,၀၀၀) ဝင်ဆံ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘောလုံးပွဲစဥ်များတွင် လူစုလူဝေးထိန်းချုပ်ရေး မျက်ရည်ယိုဗုံးကဲ့သို့ ဓာတ်ငွေ့ သို့မဟုတ် သေနတ်ကို အသုံးမပြုသင့်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့အချုပ် FIFA က ၎င်း၏ ဘေးကင်းလုံခြုံရေးစည်းမျဥ်းများတွင် ပြောထားသည်။ 

ယခုဖြစ်ရပ်က အင်ဒိုနီးရှားဘောလုံးလောကကို ဂုဏ်သိက္ခာကျစေကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI က ပြောသည်။

ယခုဖြစ်ရပ်မှာ အားကစားကွင်းများတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုများအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာသည်။ ၁၉၆၄ ခုနှစ်က ပီရူးနိုင်ငံ Lima မြို့တွင် ယှဥ်ပြိုင်ကစားခဲ့သည့် ပီရူးနှင့်အာဂျင်တီးနားတို့၏ အိုလံပစ်ခြေစစ်ပွဲစဥ်အတွင်း လူအုပ်စု လဲပြိုကျမှုကြောင့် စုစုပေါင်း လူ (၃၂၀) သေဆုံးခဲ့ပြီး (၁,၀၀၀) ကျော် ဒဏ်ရာရခဲ့သည်။ 

ဗြိတိန်တွင် ၁၉၈၉ ခုနှစ်က ရှက်ဖီးမြို့ရှိ Hillsborough အားကစားကွင်းတွင် အလားတူဖြစ်ရပ်ကြောင့် လီဗာပူးဘောလုံးအသင်း ပရိသတ်များ သေဆုံးခဲ့ကြောင်း သိရသည်။

Source: Reuters