ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်က လူသားမျိုးနွယ်အပေါ်  ရာဇဝတ်မှု ကျူးလွန်ခဲ့နိုင်ကြောင်း UN ပြော

ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်က လူသားမျိုးနွယ်အပေါ်  ရာဇဝတ်မှု ကျူးလွန်ခဲ့နိုင်ကြောင်း UN ပြော
စက်တင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံက ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဝီဂါနှင့် အခြား မွတ်စလင်မ်များကို နိုင်လိုမင်းထက်ပြုမူပြီး ခွဲခြားဆက်ဆံ ထိန်းသိမ်းချုပ်နှောင်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု ကျူးလွန်ခဲ့နိုင်ကြောင်း ကာလရှည်ကြာ စောင့်ဆိုင်းနေကြသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ၏ ဩဂုတ်လ (၃၁) ရက် အစီရင်ခံစာတွင် ပြောထားသည်။

Michelle Bachelet ၏ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်မှု သက်တမ်းကုန်ဆုံးရန် မိနစ်ပိုင်းမျှအလိုတွင် ထိုအစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။ 

တရုတ်နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရာတွင် ပျော့ပျောင်းလွန်းကြောင်း သံတမန်အချို့နှင့် လူ့အခွင့်အရေးအုပ်စုများက Michelle Bachelet ကို ဝေဖန်မှုများရှိခဲ့သည်။ 

၎င်းက တရုတ်နိုင်ငံသို့ မေလအတွင်း သွားရောက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက စာမျက်နှာ (၄၈) မျက်နှာပါဝင်သည့် အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီး ထိုအစီရင်ခံစာတွင် တရုတ်နိုင်ငံ ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အစွန်းရောက်မှုတိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

"ဝီဂါနဲ့ အခြား မွတ်စလင်မ်များကို နိုင်လိုမင်းထက်ပြုမူခြင်းနဲ့ ခွဲခြားဆက်ဆံ ထိန်းသိမ်းချုပ်နှောင်ခြင်းတို့က နိုင်ငံတကာရာဇဝတ်မှု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လူသာမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပါ" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ပြောသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachele က တရုတ်အစိုးရအနေဖြင့် ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေ့ကျင့်ရေးစခန်းများ၊ အကျဥ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးရေး အမြန်ဆောင်ရွက်ရန် အကြံပြုခဲ့သည်။

တရုတ်အစိုးရဘက်ကမူ ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖြစ်ရပ်များနှင့်ပတ်သက်၍ စွပ်စွဲချက်များကို  စာမျက်နှာ (၁၃၁) မျက်နှာပါ ထုတ်ပြန်ချက်ဖြင့်  ပြင်းပြင်းထန်ထန် ငြင်းဆို တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ 

 

ထိုတုံ့ပြန်ချက်တွင် ယခုအစီရင်ခံစာမှာ အမေရိကန်၊ အနောက်အုပ်စု နိုင်ငံများနှင့် တရုတ်ဆန့်ကျင်ရေး အင်အားစုများက မှားယွင်းသည့် သတင်းအချက်အလက်နှင့် အပြစ်ရှိကြောင်း ယူဆချက်များအပေါ် အခြေခံထားသည့် အဓိပ္ပါယ်မရှိသော လုပ်ဇာတ်တစ်ခုဖြစ်ကြောင်း ပြောဆိုထားသည်။

Source: Reuters

Photo: REUTERS/Willy Kurniawa, EUTERS/Pierre Albouy, . REUTERS/Thomas Peter, UN,