ထိုင်ဝမ်စစ်တပ်က တရုတ်ကမ်းရိုးတန်းအနီးတွင် အမျိုးအမည်မသိ ဒရုန်းတစ်စီးကို ပစ်ချ

Photo: CNN
Photo: CNN
ထိုင်ဝမ်စစ်တပ်က တရုတ်ကမ်းရိုးတန်းအနီးတွင် အမျိုးအမည်မသိ ဒရုန်းတစ်စီးကို ပစ်ချ
စက်တင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်ဝမ်စစ်တပ်က တရုတ်ကမ်းရိုးတန်း ကမ်းလွန်ရှိ ကျွန်းငယ်တစ်ခုအနီး အမျိုးအမည်မသိ အရပ်ဘက်ဒရုန်းတစ်စီးကို စက်တင်ဘာလ (၁) ရက်နေ့က ပထမဆုံးအကြိမ် ပစ်ချခဲ့ကြောင်း သိရသည်။ 

ကျူးကျော်မှုများ တိုးမြင့်လာမှုကို ထိုကဲ့သို့သော တင်းကျပ်သည့် အစီအမံများဖြင့် တုံ့ပြန်သွားမည်ဟု ထိုင်ဝမ်အစိုးရက ပြောဆိုခဲ့ပြီးနောက် ယခုပစ်ချမှုရှိလာခြင်းလည်း ဖြစ်သည်။

တရုတ်ဘက်မှ Xiamen နှင့် Quanzhou မြို့များနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ဝမ် ထိန်းချုပ်ထားသည့် Kinmen ကျွန်းစု စစ်ဌာနချုပ်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပြောကြားထားမှုအရ ဒရုန်းတစ်စီးက Lion ကျွန်းပေါ် ကန့်သတ်လေပိုင်နက်အတွင်း စက်တင်ဘာလ (၁) ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

Lion ကျွန်းပေါ်ရှိ ထိုင်ဝမ်တပ်ဖွဲ့များက ဒရုန်းကို သတိပေးရန် ကြိုးပမ်းခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့တာကြောင့် ပစ်ချလိုက်ပြီး အပျက်အစီးများမှာ ပင်လယ်ထဲသို့ ကျသွားခဲ့သည်ဟု ဆိုသည်။ 

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တရုတ်ကျူးကျော်မှုများဟု သူမက သတ်မှတ်ထားသည့် လုပ်ရပ်များကို စစ်တပ်အနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ပြီးနောက် ဩဂုတ်လ (၃၀) ရက်နေ့တွင် ဒရုန်းတစ်စီးကို ပထမဆုံးအကြိမ် သတိပေး ပစ်ခတ်ခဲ့သေးကြောင်းလည်း သိရသည်။

ဩဂုတ်လအစောပိုင်းတွင် ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ လာရောက်ခဲ့သည့် ခရီးစဥ်ကို တရုတ်က ကန့်ကွက်တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး တင်းမာမှုများ မြင့်တက်နေသည်။ 

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်နယ်မြေအဖြစ်သာ သတ်မှတ်ထားပြီး ပြန်လည်ပေါင်းစည်းရေး လိုအပ်ပါက စစ်ရေးအင်အားအသုံးပြုမည်ဟု ထုတ်ပြောထားသည်။

Source: Reuteres, CNN