အိန္ဒိယတွင် အစိုးရ၏ အကူအညီ မရရှိမှုကြောင့် အစိုးရအဆောက်အအုံများထဲသို့ နွားများလွှတ်ပြီး ဆန္ဒပြ

အိန္ဒိယတွင် အစိုးရ၏ အကူအညီ မရရှိမှုကြောင့် အစိုးရအဆောက်အအုံများထဲသို့ နွားများလွှတ်ပြီး ဆန္ဒပြ
စက်တင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ကတိပြုထားသည့် အစိုးရအကူအညီ မရရှိခြင်းကို ဆန္ဒပြမှုအဖြစ် ကုသိုလ်ဖြစ် ကျွဲနွား ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ထောင်နှင့်ချီသည့် နွားများကို အစိုးရ အဆောက်အအုံများထဲသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

 

နွားများက အစိုးရအဆောက်အအုံများတွင် လှည့်လည်သွားလာနေသည့် ဗီဒီယိုများ အွန်လိုင်းတွင် ပျံ့နှံ့နေခဲ့သည်။

 

အစိုးရက ကတိပြုထားသည့် အကူအညီ ရန်ပုံငွေများ ထုတ်မပေးပါက လာမည့် ပြည်နယ်ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ထားသည်။ 

ဂူဂျာရတ်မှာ အခြား အိန္ဒိယပြည်နယ် အများအပြားကဲ့သို့ပင် ကျွဲနွားများတွင် ဖြစ်ပွားသည့် lumpy skin disease ခေါ် ရောဂါဖြစ်ပွားမှုကြောင့် ကျွဲနွားများ သေဆုံးနေကြောင်း သိရသည်။

ဂူဂျာရတ်ပြည်နယ်တွင် ထိုရောဂါကြောင့် ကျွဲနွားအကောင်ရေ (၅,၈၀၀) ကျော် သေဆုံးခဲ့ပြီး (၁၇၀,၀၀၀) နီးပါးမှာ ထိုရောဂါကူးစက်ခံထားရသည်ဟု ခန့်မှန်းထားသည်။ 

အိန္ဒိယနိုင်ငံ၏ လူများစုဖြစ်သည့် ဟိန္ဒူများအတွက် နွားများမှာ အထွတ်အမြတ်ထားစရာဖြစ်ပြီး ဂူဂျာရတ်အပါအဝင် ပြည်နယ် (၁၈) ခုတွင် နွားများကိုသတ်ခြင်းမှာ ဥပဒေချိုးဖောက်မှု ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဂူဂျာရတ်ပြည်နယ်က နွားများကို ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်ဥပ‌ဒေကို ပိုမိုတင်းကျပ်ခဲ့ပြီး နွားသတ်သူများကို ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း အသိပေးခဲ့သည်။ 

အိန္ဒိယတွင် နွားများ အုပ်စုလိုက် လမ်းပေါ်ရောက်ရှိလာမှုကြောင့် မလိုးလာအပ်သော အကျိုးဆက်အဖြစ် ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်း သို့မဟုတ် လမ်းများက ကျွဲနွားများ၏နေရာ ဖြစ်သွားလေ့ရှိသည်။

ယခုနှစ် ပြည်နယ်အသုံးစရိတ်တွင် ဂူဂျာရတ်ပြည်နယ်အစိုးရက နွားများအတွက် အမိုးအကာနေရာများ ပြုပြင်ထိန်းသိမ်းရန် သို့မဟုတ် ပြည်နယ်အတွင်းရှိ အခြား အိုမင်းနေသည့် နွားများကို စောင့်ရှောက်ရန် ရူပီး (၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၁ သန်း) ခွဲဝေသတ်မှတ်ထားကြောင်း သိရသည်။ 

သို့သော် ထိုအသုံးစရိတ်ခေါင်းစဥ်အောက်မှ မည်သည့် ငွေကြေးကိုမျှ လက်ခံရရှိခဲ့ခြင်း မရှိကြောင်းနှင့် အစိုးရက လိမ်လည်ခဲ့သည်ဟု ခံစားရကြောင်း နွားများကို ထိန်းသိမ်းစောင့်ရှောက်သည့်နေရာများ၏ မန်နေဂျာများ၏ အဆိုအရ ပြောသည်။

အစိုးရထံ ထိုကိစ္စကို တင်ပြခဲ့သော်လည်း ၎င်းတို့က ဖြေရှင်းမပေးခဲ့ကြောင်း နွားထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။ 

Indian Express သတင်းတွင် ဖော်ပြမှုအရ ကုသိုလ်ဖြစ် ကျွဲနွားထိန်းသိမ်းစောင့်ရှောက်သည့် အဖွဲ့များက ကျွဲနွားအကောင်ရေ (၄၅၀,၀၀၀) ကျော်ကို စောင့်ရှောက်ထားကြောင်းနှင့် ဆန္ဒပြမှုအဖြစ် အစိုးရအဆောက်အအုံများထဲသို့ လွှတ်ပေးခဲ့သည့် နွားအကောင်ရေမှာ (၁,၇၅၀) နီးပါးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဂူဂျာရတ်ပြည်နယ်အတွင်း လမ်းမများပေါ်၊ ဒေသဆိုင်ရာ တရားရုံးများနှင့် အစိုးရအဆောက်အအုံများထဲသို့ နွားများရောက်လာခဲ့ကြသည်ဟု အိန္ဒိယသတင်းများက ပြောသည်။ 

အစိုးရရုံးတစ်ရုံးတွင်မူ နွားများ၏ ကျင်ငယ်ရည်နှင့် မစင်များကို တွေ့ရသည်ဟု ဆိုသည်။ 

ယခုဆန္ဒပြမှုနှင့် ပတ်သက်၍ Banaskantha, Patan နှင့် Kutch ခရိုင်များတွင် ဆန္ဒပြသူ (၇၀) ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဂူဂျာရတ်ပြည်နယ် တိရိစ္ဆာန်မွေးမြူရေးဝန်ကြီးက စီမံခန့်ခွဲရေးပိုင်းဆိုင်ရာ အရှုပ်အထွေးများကြောင့် အကူအညီ နှောင့်နှေးကြန့်ကြနေကြောင်း ဝန်ခံခဲ့ပြီး တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း အဆင်ပြေသည့် ဖြေရှင်းမှုတစ်ခု ရှာဖွေသွားမည်ဟု ကတိပြုခဲ့သည်။ 

ယခုလကုန်တွင် ၎င်းတို့၏ တောင်းဆိုမှုများ ဖြည့်ဆည်းမပေးပါက ပိုမိုကျယ်ပြန့်သည့် လှုံ့ဆော်ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ခြိမ်းခြောက်ခဲသည်။

Source: BBC

Photo: PARESH PADHIYAR,  News18 Gujarati, IANS,