မန္တလေး - မူဆယ် မြောက်ပိုင်းလမ်းကြောင်းများပေါ်  ယာဉ်များ ဘေးကင်းရေး စက်တင်ဘာလ(၁၂)ရက်နေ့အထိ ညပိုင်း ပြေးဆွဲခြင်း မပြုလုပ်ရန် သိန္နီ PDF က အသိပေး မေတ္တာရပ်ခံ

သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TNPDF)
သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TNPDF)
 မန္တလေး - မူဆယ် မြောက်ပိုင်းလမ်းကြောင်းများပေါ်  ယာဉ်များ ဘေးကင်းရေး စက်တင်ဘာလ(၁၂)ရက်နေ့အထိ ညပိုင်း ပြေးဆွဲခြင်း မပြုလုပ်ရန် သိန္နီ PDF က အသိပေး မေတ္တာရပ်ခံ
သြဂုတ် 30, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း စစ်ရေးဗျူဟာအရ တိုက်ပွဲအရှိန် ပြင်းထန်လာနိုင်သည့်အတွက် စက်တင်ဘာလ(၁၂)ရက်နေ့အထိ ညပိုင်းများတွင် မန္တလေး - မူဆယ် မြောက်ပိုင်းလမ်းကြောင်းများပေါ် ယာဉ်ပြေးဆွဲမှုများ မပြုလုပ်ရန် နှင့် စစ်ကောင်စီတပ်၏ ယာဉ်တန်းနှင့် အနီးဆုံးတွင် မနေရန် သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူးသတိပေး မေတ္တာရပ်ခံချက် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့က ထုတ်ပြန်ထားသည်။

သိန္နီ PDF  နှင့် ပူးပေါင်းလှုပ်ရှားနေသည့် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တို့က မန္တလေး - မူဆယ် မြောက်ပိုင်းလမ်းကြောင်းများပေါ်  သီပေါ - ကွတ်ခိုင်အထိ ပြေးဆွဲ ဖြတ်သန်းနေသော မည်သည့်ယာဉ်များကိုမဆို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သလို အာဏာသိမ်း စစ်တပ်၏ ယာဉ်တန်းများနှင့်ပါ ထိတွေ့ တိုက်ခိုက်မှုများပါ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ အသက်အန္တရာယ် ဘေးကင်းနိုင်ရေးအတွက် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့အထိ ည(၁၀)နာရီမှ နံနက်(၅)နာရီအတွင်း သွားလာခြင်း မပြုလုပ်ရန် အသိပေးထားခြင်း ဖြစ်သည်။

ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ နှင့် စစ်ကောင်စီ၏ စစ်ယာဉ်တန်းနှင့် လမ်းပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်သည့်အတွက် ကြိုတင်အသိပေးထားသည်ကြားက သွားလာမှုပြုလုပ်သူများ ထိခိုက်မှုများရှိလာပါက တာဝန်ယူဖြေရှင်းပေးလိမ့်မည်မဟုတ်ကြောင်းလည်း အသိပေးမေတ္တာရပ်ခံထားသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့ တိုက်ခိုက်မှုများ မပြုလုပ်မီတွင် ပြည်သူများ ထိခိုက်မှုမရှိစေရန် ဦးစားပေးနေသည့်အနေဖြင့် ကြိုတင် အသိပေးကြေညာလျှက်ရှိသည်ကို တွေ့ရသော်လည်း အချို့ ယာဉ်များမှာ တားမြစ်ချက်ကို မလိုက်နာပဲ သွားလာသည့်အတွက် ထိခိုက်မှုများရှိသည်ကိုလည်း အခြားဖြစ်စဉ်များတွင် တွေ့ရသည်။