ထိုင်ဝမ် လေကြာင်းကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဥ် အစီး (၃၀) ကျော် ဝင်ရောက်ပျံသန်း

ထိုင်ဝမ် လေကြာင်းကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဥ် အစီး (၃၀) ကျော် ဝင်ရောက်ပျံသန်း
By Mr John

 

မိမိတို့၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်က စစ်လေယာဥ် အစီး (၃၀) စေလွှတ် ပျံသန်းစေခဲ့ရာ သတိပေးရန်အတွက် တိုက်လေယာဥ်များ ဖြန့်ကျက်ခဲ့ကြောင်း ထိုင်ဝမ်က ပြောသည်။

မေလ (၃၀) ရက်နေ့က ထိုဖြစ်ရပ်မှာ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ်စစ်လေယာဥ်များ၏ အကြီးဆုံး ကျူးကျော်ဝင်ရောက်မှုဖြစ်သည်ဟု ဆိုသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး တရုတ်ကို သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ထိုင်ဝမ်ခေါင်းဆောင်များနှင့် လုံခြုံရေးကိစ္စ ဆွေးနွေးရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ထိုင်ဝမ်သို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

တရုတ်က မကြာသေးမီ လပိုင်းအတွင်း ယခုကဲ့သို့ လေယာဥ်ပျံသန်းမှုများကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပြီး လေ့ကျင့်ရေး အစီအစဥ်ဖြစ်ကြောင်း ပြောသော်လည်း ထိုလုပ်ရပ်များက ထိုင်ဝမ်ကို ဒေါသထွက်စေခဲ့ပြီး ဒေသတွင်း တင်မာမှုများ မြင့်တက်နေခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး ပြန်လည်ရယူနိုင်ကြောင်း ယူဆထားသည်။

မေလ (၃၀) ရက်နေ့က ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်တိုက်လေယာဥ် (၂၂) စီး အပါအဝင် စစ်လေယာဥ်များ ကျူးကျော်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုလေယာဥ်များမှာ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မြေပုံအရ ၎င်း၏ လေကြောင်းကာကွယ်ရေးဇုန် Air Defence Identification Zone (ADIZ) တွင် ပါဝင်သော Pratas ကျွန်းစု အရှေ့မြောက်ဘက် ဧရိယာတွင်း ပျံသန်းခဲ့ခြင်း ဖြစ်သည်။

သို့သော် တရုတ်စစ်လေယာဥ်များက ထိုင်ဝမ်လေပိုင်နက်အတွင်းဖြတ်၍ ပျံသန်းခဲ့ခြင်းမရှိကြောင်း၊ ထိုသို့ ပျံသန်ခြင်းကို ရန်လိုမှုအဖြစ် မှတ်ယူမည်ဟု ဆိုသည်။

ADIZ ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် လေကြောင်းပိုင်နက်ပြင်ပ ဧရိယာတစ်ခုဖြစ်သော်လည်း ပြည်ပလေယာဥ်များ ပျံသန်းမှုကို ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ကြောင်း သိရသည်။

ထိုဧရိယာမှာ ကိုယ်တိုင်ကြေညာထားခြင်းဖြစ်ပြီး သတ်မှတ်ချက်များအရမူ နိုင်ငံတကာလေပိုင်နက်အဖြစ် ရှိနေဆဲဟုဆိုသည်။

တရုတ်လေယာဥ်များက ၎င်း၏ ADIZ အတွင်းသို့ ဝင်ရောက်ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်က ပြောနေခဲ့ခြင်းမှာ တစ်နှစ်ကျော်ပြီလည်း ဖြစ်သည်။ တရုတ်လေယာဥ်များ ထိုသို့ ပျံသန်းမှုမှာ ထိုင်ဝမ်က လွတ်လပ်ရေး တရားဝင်ကြေညာရန် ဦးတည်ဆောင်ရွက်ခြင်းကို သတိပေးမှုဖြစ်ကြောင်း လေ့လာသူများက ယခင်က ပြောထားခဲ့သည်။

တရုတ်အစိုးရဘက်ကမူ ထိုသို့ ပျံသန်းမှုများမှာ ၎င်း၏အချုပ်အခြာအာဏာကို ကာကွယ်ရန် ရည်ရွယ်လုပ်ဆောင်သော လေ့ကျင့်ရေးအစီအစဥ်များဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဆက်စပ်သတင်းတစ်ရပ်အရ အမေရိကန်လွှတ်တော်အမတ် Tammy Duckworth ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က မေလ (၃၁) ရက်နေ့တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့နှင့် ထိုင်ဝမ်စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကို အမေရိကန်က စီစဥ်နေကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ဆွေးနွေးမှုအပြီးအတွင် ပြောခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်မပြောခဲ့ကြောင်း သိရသည်။

Source: BBC, Reuters

Photo: GETTY IMAGES,