ထိုင်းနိုင်ငံတွင် အောက်တိုဘာလ (၁) ရက်မှစပြီး အနိမ့်ဆုံး လုပ်အားခကို (၅) ရာခိုင်နှုန်း တိုးမြှင့်ပေးမည်

ထိုင်းနိုင်ငံအတွင်းမှ ဆောက်လုပ်ရေးလုပ်သားအချို့။ Photo: Lillian Suwanrumpha/AFP
ထိုင်းနိုင်ငံအတွင်းမှ ဆောက်လုပ်ရေးလုပ်သားအချို့။ Photo: Lillian Suwanrumpha/AFP
ထိုင်းနိုင်ငံတွင် အောက်တိုဘာလ (၁) ရက်မှစပြီး အနိမ့်ဆုံး လုပ်အားခကို (၅) ရာခိုင်နှုန်း တိုးမြှင့်ပေးမည်
By Mr John

 

ထိုင်းနိုင်ငံတွင် (၁၄) နှစ်နီးပါးအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်နေကြရသည့် အလုပ်သမားများကို အကူအညီဖြစ်စေရန် အနိမ့်ဆုံး တစ်နေ့လုပ်အားခကို ပျမ်းမျှ (၅) ရာခိုင်နှုန်း တိုးပေးသွားမည်ဖြစ်သည်။ 

အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်ပေးခြင်းက COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကို ကာလကြာရှည် ကြုံတွေ့နေရသည့် အလုပ်သမားများအတွက် အကူအညီဖြစ်စေလိမ့်မည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Boonchob Suthamanaswong က ဩဂုတ်လ (၂၆) ရက်နေ့တွင် ပြောသည်။

လက်ရှိ အနိမ့်ဆုံး လုပ်အားခများမှာ ပြည်နယ်အလိုက် ကွဲပြားမည်ဖြစ်ရာ အမြင့်ဆုံး လုပ်အားခမှာ Chon Buri နှင့် Phuket တွင်ဖြစ်ပြီး တစ်ရက်လျှင် (၃၃၆) ဘတ် (မြန်မာကျပ်ငွေ ၁၉,၆၀၀ ကျော်) သတ်မှတ်ထားသည်။ 

အနိမ့်ဆုံး လုပ်အားခမှာ ထိုင်းတောင်ပိုင်း Natrathiwat ၊ Pattani နှင့် Yala ပြည်နယ်တို့တွင် တစ်ရက်လုပ်အားခ (၃၁၃) ဘတ် (မြန်မာကျပ်ငွေ ၁၈,၀၀၀ ကျော်) ဖြစ်သည်။ 

ယခုနှုန်းထားအသစ်များအရ ထိုင်းနိုင်ငံ၏ တစ်ရက်လုပ်အားခများမှာ (၃၂၈) ဘတ် (မြန်မာကျပ်ငွေ ၁၉,၀၀၀ ကျော်) မှ (၃၅၄) ဘတ် (မြန်မာကျပ်ငွေ ၂၀,၀၀၀ ကျော်) အတွင်း ဖြစ်လာမည်ဟု သိရသည်။

အလုပ်ရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အစိုးရကို ကိုယ်စားပြုသည့် ထိုင်းနိုင်ငံ လုပ်ခလစာကော်မတီက အနိမ့်ဆုံး တစ်နေ့လုပ်အားခကို (၅.၀၂) ရာခိုင်နှုန်း တိုမြှင့်သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူညီခဲ့ကြသည်။ 

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လုပ်အားခများ တိုမြှင့်လိုက်မှုအရ ဘန်ကောက်နှင့် ပတ်ဝန်းကျင် ပြည်နယ်များရှိ အလုပ်သမားများက တစ်ရက်လျှင် လုပ်အားခ (၂၂) ဘတ် (မြန်မာကျပ်ငွေ ၁,၂၈၀ ကျော်) တိုးမြင့်ရရှိမည် ဖြစ်သည်။ 

အနည်းဆုံး တိုးမြင့်ရရှိမှုမှာ Udon Thani နှင့် Nan ပြည်နယ်တို့တွင်ဖြစ်ပြီး တစ်နေ့လုပ်အားခ (၈) ဘတ် တိုးလာမည်ဟု သိရသည်။

တစ်နေ့လုပ်အားခ အများဆုံး တိုးမြင့်ရရှိလာမည့် ပြည်နယ်များမှာ Chon Buri ၊ Rayong နှင့် Phuket တို့ဖြစ်ပြီး (၃၅၄) ဘတ် ဖြစ်သည်။ 

ထိုင်းနိုင်ငံ လုပ်ခလစာကော်မတီ အဖွဲ့ဝင်များက ဩဂုတ်လ (၂၆) ရက်နေ့တွင် (၅) နာရီကြာ အစည်းအဝေး ပြုလုပ်ခဲ့ကြပြီးနောက် လုပ်အားခနှုန်းထား သတ်မှတ်ချက်ကို ဆုံးဖြတ်ခဲ့ကြကြောင်း ကော်မတီဥက္ကဌလည်းဖြစ်သူ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonchob က ပြောသည်။ 

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး တစ်နေ့လုပ်အားခ တိုးမြှင့်မှုများမှာ အောက်တိုဘာလ (၁) ရက်နေ့မှစပြီး စတင်သက်ရောက်မည်ဖြစ်ကာ လာမည့် သီးတင်းပတ်အတွင်း အစိုးရအဖွဲ့က အတည်ပြုရန် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

အစိုးရက (၂) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနိမ့်ဆုံး လုပ်အားခကို (၅) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားရန် စီစဥ်ထားကြောင်း လုပ်ခလစာကော်မတီအဖွဲ့ဝင် Phijit Deesui က Reuters သတင်းဌာနကို ဩဂုတ်လ (၇) ရက်နေ့တွင် ပြောထားခဲ့သည်။ 

ထိုင်းနိုင်ငံ၏ အနိမ့်ဆုံး လုပ်အားခ နောက်ဆုံးအကြိမ် တိုးမြှင့်မှုအဖြစ် ၂၀၂၀ ခုနှစ် ဇန်နဝါရီတွင် (၁.၆) ရာခိုင်နှုန်းမှ (၁.၈) ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

Source: Bangkok Post