တာချီလိတ်မြို့နှင့်အနီး လာအိုနိုင်ငံအတွင်းမှ Covid-19 ကြောင့် ပိတ်မိနေသည့် မြန်မာလုပ်သား အိမ်ထောင်စု (၁,၅၀၀)ကျော်ကို မြန်မာစေတနာရှင်များက ဒုတိယအကြိမ် စုပေါင်းပြီး ထပ်မံ လှူဒါန်း

တာချီလိတ်မြို့နှင့်အနီး လာအိုနိုင်ငံအတွင်းမှ Covid-19 ကြောင့် ပိတ်မိနေသည့် မြန်မာလုပ်သား အိမ်ထောင်စု (၁,၅၀၀)ကျော်ကို မြန်မာစေတနာရှင်များက ဒုတိယအကြိမ် စုပေါင်းပြီး ထပ်မံ လှူဒါန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့်နယ်စပ် ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံ၊ တုန့်ဖိန်းခရိုင်အတွင်း COVID 19 ကြောင့် အသွားအလာကန့်သတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်ရွာ (မြန်မာရွာ)အတွင်းမှ အိမ်ထောင်စုများအတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့က စေတနာရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ဒုတိယအကြိမ် စားနပ်ရိက္ခာမျှဝေပေးကြောင်း သိရသည်။

"အရင်တစ်ပတ်က မရသေးတဲ့သူ၊ ကျန်သေးတဲ့သူတွေကို တုံကင်စာရွက်လေးတွေပေးထားပြီး မနေ့က သွားလှူတာ။ တုံတကင်စာရွက်ပါတဲ့သူတွေအကုန်ရပြီးမှ ပိုတာကို ကျန်တဲ့သူတွေ ထပ်လှူပေးတာပေါ့။ မနေ့က သွားလှူတာ အိမ်ခြေ (၁,၅၀၀) ဆိုပေမဲ့ အထုပ်က (၁,၈၀၀) လောက်ပါတယ်။ နောက် ဒီတစ်ခေါက်ဝယ်ရတာ ဈေးနှုန်းကတက်သွားတော့ ကုန်ကျစားရိတ်က အရင်တစ်ခေါက်ထက် များသွားတယ်"ဟု စားနပ်ရိက္ခာမျှဝေပေးသည့်အစီအစဉ်ကို လုပ်ဆောင်သူများမှ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

တုန့်ဖိန်းခရိုင်အတွင်း လာအိုအစိုးရခွင့်ပြုချက်ဖြင့်  ဟောင်ကောင်အခြေစိုက် တရုတ်ကာစီနိုကုမ္ပဏီက အကောင်အထည်ဖေါ်နေသည့် ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း ကာစီနိုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် သွားရောက် အလုပ် လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ စုပေါင်းနေထိုင်ကြသည့် ရခိုင်ရွာ (မြန်မာရွာ)ကို ၂၀၂၁ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှစ၍ အသွားအလာကန့်သတ်ထားသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြရာ ရွာအပြင်ဘက် တောင်ခြေတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများက အလှူရှင်များရှာဖွေပြီး စုပေါင်းကာ  စားနပ်ရိက္ခာမျှဝေပေးနေကြခြင်းဖြစ်သည်။

ပထမအကြိမ်အဖြစ် ဇွန်လ (၆) ရက်နေ့က စုစုပေါင်း တန်ဖိုးငွေ ဘတ် (၂) သိန်းကျော်ဖြင့် အိမ်ထောင်စုပေါင်း (၂,၃၄၉)စုအတွက် ဆီ၊ ဆန်၊ ဆား၊ ကြက်သွန်နီ၊ မာမားခေါက်ဆွဲခြောက် စသည်တို့ပါဝင်သည့် အထုပ်တစ်ထုပ်စီကို မျှဝေပေးခဲ့ပြီးနောက် ကျန် အိမ်ထောင်စု (၁,၅၀၀) အတွက် ဇွန်လ (၉) ရက်နေ့၌ ထပ်မံမျှဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ရွာ (မြန်မာရွာ)ကို အသွားအလာကန့်သတ်ထားသည့်ကာလအတွင်း အပြင်မှလူ ဝင်ခွင့်၊ အထဲမှလူ အပြင်ထွက်ခွင့်ကို ကန့်သတ်ထားသည့်အတွက် အလုပ် လုပ်ကိုင်၍ မရဘဲဖြစ်နေကြရာ ရွာအပြင် တောင်ခြေတွင်နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများက အလှူငွေကောက်ခံကြပြီး စုပေါင်းလှူဒါန်းနေကြသည့်အပြင် ရွာအတွင်း၌လည်း အချင်းချင်း မျှဝေလှူဒါန်းခြင်းကို လုပ်ဆောင်နေကြကြောင်း သိရသည်။

အဆိုပါဒေသမှ နေရပ်ပြန်ရန်အတွက် စောင့်ဆိုင်းနေသည့် အရေအတွက်မှာ ရာနှင်ချီရှိနေသော်လည်း မြန်မာဘက်က တုံ့ပြန်မှုမရှိ၍ ကြန့်ကြာနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။



#TachileikNewsAgency