ဥရောပတိုက်၏ သုံးပုံ နှစ်ပုံတွင် မိုးခေါင်မှု အဆိုးဆုံး ရင်ဆိုင်နေရ

ဥရောပတိုက်၏ သုံးပုံ နှစ်ပုံတွင် မိုးခေါင်မှု အဆိုးဆုံး ရင်ဆိုင်နေရ
သြဂုတ် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဥရောပတိုက်၏ သုံးပုံနှစ်ပုံတွင် မိုးခေါင်မှုကြုံနေကြရပြီး နှစ်ပေါင်း (၅၀၀) အတွင်း အဆိုးဆုံးဖြစ်နိုင်ကြောင်း သိရသည်။ 

Global Drought Observatory က နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာရ ဥရောပတိုက်၏ (၄၇) ရာခိုင်နှုန်းမှာ မိုးခေါင်မှုကြောင့် မြေဆီလွှာခမ်းခြောက်မှု သတိပေးချက်ထုတ်ရမည့် အခြေအနေဖြစ်သည်။ 

နောက်ထပ် (၁၇) ရာခိုင်နှုန်းမှာ အပင်များရှင်သန်ရန် ခက်ခဲသည့်အခြေအနေအတွက် သတိပြုရမည်ဟု ဆိုသည်။

မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့မှုက ကောက်ပဲသီးနှံ အထွက်နှုန်းကို လျော့ကျစေခြင်း၊ တောမီးလောင်မှုများ ဖြစ်ပွားစေပြီး ဥရောပတောင်ပိုင်း ဒေသအချို့တွင် နောက်ထပ် လနှင့်ချီကြာ ပူပြင်းခြောက်သွေ့နေနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ 

လွန်ခဲ့သည့် (၅) နှစ်၏ ပျမ်းမျှအခြေအနေနှင့် နှိုင်းယှဥ်မှုအရ ပြောင်းကဲ့သို့ နှံစားသီးနှံအထွက်နှုန်း (၁၆) ရာခိုင်နှုန်း၊ ပဲပုပ်အထွက်နှုန်း (၁၅) ရာခိုင်နှုန်းနှင့် နေကြာအထွက်နှုန်း (၁၂) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း ဥရောပသမဂ္ဂက ခန့်မှန်းထားသည်။

Global Drought Observatory မှာ ဥရောပကော်မရှင်၏ သုတေသနအဖွဲ့ ဖြစ်သည်။ 

ပဏာမအချက်အလက်များအရ လက်ရှိ မိုးခေါင်ရာသီဥတုမှာ အနည်းဆုံး နှစ်ပေါင်း (၅၀၀) အတွင်း အဆိုးဆုံးဖြစ်ပုံရသည်ဟု ဥရောပကော်မရှင် (European Commission) က သတိပေးခဲ့သည်။ 

အပူလှိုင်းဆက်လက်ဖြစ်ပေါ်နေပြီး ရေပြတ်လပ်မှုများနှင့်အတူ  ဥရောပတိုက်တစ်ခုလုံးတွင် မကြုံစဖူး ရေပမာဏလျော့ကျွန်မှု အခြေအနေကြုံနေရသည်။

ဥရောပရှိ မြစ်များအားလုံးနီးပါးတွင် အတိုင်းအတာတစ်ခုအထိ ရေခမ်းခြောက်မှု ဖြစ်ပေါ်နေကြောင်းလည်း အစီရင်ခံစာက သတိပေးထားသည်။ 

မိုးခေါင်ခြောက်သွေ့သည့် ရာသီဥတုက ယခင်ကတည်း အကျပ်အတည်းကြုံနေသည့် ဥရောပ၏ စွမ်းအင်ကဏ္ဍကိုလည်း သက်ရောက်မှုရှိခဲ့သည်။ 

ရေအားလျှပ်စစ်ထုတ်လုပ်မှု (၂၀) ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားကြောင်း Global Drought Observatory အစီရင်ခံစာက ပြောထားသည်။

ဆိုးရွားသည့် မိုးခေါင်ခြောက်သွေ့မှုမှာ နေရာအများအပြားတွင် တစ်နှစ်ပတ်လုံး ဖြစ်ပေါ်နေခဲ့သော်လည်း ဩဂုတ်လအစောပိုင်းမှစပြီး အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်ဟု ဆိုသည်။

ထိုအခြေအနေများမှာ ဥရောပမြေထဲပင်လယ်တစ်လျှောက် အနည်းဆုံး ယခုနှစ် နိုဝင်ဘာလအထိ ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

ဥရောပနိုင်ငံများဖြစ်ကြသည့် အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ မြောက်ပိုင်ဆာဘီးယား၊ ယူကရိန်း၊ မော်လ်ဒိုဗာ၊ အိုင်ယာလန်နှင့် ဗြိတိန်တို့တွင် မိုးခေါင်ခြောက်သွေ့မှု အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်းလည်း အစီရင်ခံစာက သတိပေးထားသည်။

Source: BBC

Photo: GETTY IMAGES, EPA, REUTERS, TERRY WESTERMAN,