တာလေမြို့ နားဟိုင်းလုံတွင် တောင်များကို ဖြိုပြီး အလွန်အကျွံ ရွှေတူးဖော်မှု အကျိုးဆက်ကြောင့် မိုးရာသီတိုင်း လူနေအိမ်များအပေါ်  ဆိုးရွားစွာ စွန့်ပစ်မြေစာနှင့်ရွှံ့နွံများ လွှမ်းမိုးနစ်မြုပ်မှု ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်း(၂)ခုက သတင်းထုတ်ပြန်

တာလေမြို့ နားဟိုင်းလုံတွင် တောင်များကို ဖြိုပြီး အလွန်အကျွံ ရွှေတူးဖော်မှု အကျိုးဆက်ကြောင့် မိုးရာသီတိုင်း လူနေအိမ်များအပေါ်  ဆိုးရွားစွာ စွန့်ပစ်မြေစာနှင့်ရွှံ့နွံများ လွှမ်းမိုးနစ်မြုပ်မှု ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်း(၂)ခုက သတင်းထုတ်ပြန်
သြဂုတ် 24, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုအတွင်း နားဟိုင်းလုံကျေးရွာတွင် တောင်များကိုဖြိုပြီး အလွန်အကျွံ ရွှေတူးဖော်မှုနှင့်အတူ မိုးရွာသွန်းမှုများကြောင့် ကျေးရွာအတွင်း နေအိမ်များအထိ စွန့်ပစ်မြေစာများနှင့် ရွှံ့နွံရေများ နစ်မြုပ်မှုနှင့် ကြုံတွေ့နေရပြီး ဒေသခံများ အခက်အခဲများဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နှင့် သျှမ်းကျောင်းသားများသမဂ္ဂက ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 



မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပေါ်တွင် အလွန်အကျွံ  တူးဖော်နေသော ရွှေတွင်းများမှ တိုက်ရိုက်စီးဆင်းလာသော စွန့်ပစ်နှုန်းများသည် ချောင်းရေကြီးရေလျှံမှုနှင့်အတူ  ကျေးရွာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး နေအိမ်(၁၇)လုံးအတွင်းသို့  စွန့်ပစ်မြေစာနှင့်ရွှံ့နွံရေများမှာ ဝင်ရောက်နစ်မြုပ်သွားသလို နေအိမ်(၉)လုံးမှာလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ထိခိုက် ခံစားရသော ဒေသခံပြည်သူများ နှင့် ရွှေနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများ အကြား ညှိနှိုင်းပေးလေ့ရှိသည့် ခရိုင်/မြို့နယ်အဆင့် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များသည် ရွှံ့နွံများကို ရှင်းလင်းရန် စက်ယန္တရားများသာ စီစဉ်ပေးသည်ကလွှဲ၍ အခြားမည်သည့် လျော်ကြေးကိုမှ ထောက်ပံ့ပေးအပ်ခြင်း မရှိကြောင်းလည်း ဆိုထားသည်။ 



 

တောင်ပေါ်မှ ရွှေသတ္တုလုပ်ငန်းများကနေ စွန့်ပစ်မြေစာများသည်   နားဟိုင်းလုံနှင့် အနီးကျေးရွာ ၀ိန်းမနော်ကျေးရွာ ဒေသခံများ၏  စိုက်ပျိုးလယ်ယာမြေများကို ဝင်ရောက်ထားမှုကြောင့် မြေဆီလွှာနှင့် ရေအရင်းအမြစ်တို့ ညစ်ညမ်း ပျက်စီးမှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများမှာလည်း ပုံမှန်အတိုင်း မဖြစ်နိုင်တော့ကြောင်း သိရသည်။ 

မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာတောင်ဘက်ရှိ နမ့်ခမ်းချောင်း၏ ချောင်းဖြားတွင် ၂၀၀၇ ခုနစ်ဝန်းကျင်က စတင်ကာ စက်ယန္တရားကြီးများဖြင့် တောင်များကို ဖြိုပြီး ရွှေတူးဖော်မှုများစတင်လာသည့် နောက်ပိုင်းတွင် ရေကြီးရေလျှံမှုများမှာ နှစ်စဉ် ဖြစ်ပေါ်လာပြီး  နောက်ပိုင်းကာလများတွင် ရေကြီးရေလျှံမှုများမှာ ပိုမို၍ ဆိုးရွားလာခဲ့ကြောင်း သိရသည်။ 

#TachileikNewsAgency

Photo: ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်