ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင်  စစ်ကောင်စီတပ်သား (၂)ဦး သေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က (၁)ဦး ကျဆုံး

ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင်  စစ်ကောင်စီတပ်သား (၂)ဦး သေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က (၁)ဦး ကျဆုံး
သြဂုတ် 24, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း  ဒေါငံခါးကျေးရွာတွင်  ဩဂုတ်လ (၂၃)ရက်နေ့က စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အဖွဲ့ က ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းကို နင်းမိ၍ (၃)ဦး ဒဏ်ရာရသွားပြီး နောက်ဆက်တွဲ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က (၂)ဦးသေကာ ဒီးမော့ဆို PDF ဘက်က (၁)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းကို စစ်ကောင်စီတပ်သားများ နင်းမိကြောင်း သိရ၍ ဒီးမော့ဆို PDF နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်ရင်းတို့က သွားရောက်ပြီး အခြေအနေများကို စောင့်ကြည့် ကင်းထောက်စဉ် စစ်ကောင်စီတပ်နှင့် မိနစ်(၃၀)ဝန်းကျင်အကြာ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား (၂)ဦးသေပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က  ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်းဖြစ်ကြောင်း ဒီးမော့ဆို PDF က ယနေ့ ဩဂုတ်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဒေသကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းများအနက်  မိုင်း(၃)လုံးပေါက်ကွဲကာ (၃)ဦးဒဏ် ရာရရှိခဲ့ခြင်းဖြစ်သည်။

ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သည့် ရဲဘော် ဦးအေရစ်ကို(ခ)ကို၏ ဈာပနအခမ်းအနားကို ယနေ့ ဩဂုတ်လ (၂၄)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo:  ဒီးမော့ဆို PDF