ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ယာယီအပစ်ရပ် 

Members of the Karenni People’s Defence Force in Demoso, Kayah State (Demoso People Defence Force/Facebook)
Members of the Karenni People’s Defence Force in Demoso, Kayah State (Demoso People Defence Force/Facebook)
ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ယာယီအပစ်ရပ် 
ဇွန် 15, 2021 | ကယား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို ငဲ့ညှာသည့်အနေဖြင့် ယာယီအပစ်ရပ်လိုက်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ကြေညာသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်များ(PDF)နှင့် အာဏာသိမ်းစစ်ကောင်စီတို့၏ တိုက်ပွဲများ​ကြောင့် ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့နယ်များတွင် မြို့ရွာ အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ (၁)သိန်းကျော် ရှိလာသောကြောင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက နှစ်ဖက်တိုက်ပွဲများအား ယာယီရပ်ဆိုင်းစေလိုသည့်အတွက် KNDF က ထိုးစစ်ဆင်မှုများအား ယာယီရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အနေဖြင့် ကရင်နီ(ကယား)ပြည်နှင့် မြန်မာနိုင်ငံလူထု လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထား၍ အပစ်ရပ်ထားသော်လည်း အာဏာသိမ်း စစ်ကောင်စီအား နည်းမျိုးစုံဖြင့် ဆက်၍ ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ပြီး KNDF တပ်ဖွဲ့ဝင် ပြည်သူများ အနေဖြင့် စည်းလုံးမှု ၊ ပြင်ဆင်မှု နှင့် လုံခြုံရေး သတိရှိကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်က မေလ (၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့၊ မားနာပလော့ ရပ်ကွက်အား ဝင်ရောက်ကျူးကျော်လာခြင်းကို ခုခံတိုက်ခိုက်ရာက စ၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲတွင်း နှစ်ဖက်တပ်များ အကျအဆုံးရှိခဲ့သလို ဒေသခံ နှင့် စစ်ရှောင်များလည်း သေဆုံးခဲ့ပြီး အိုးအိမ်များစွာလည်း ပျက်စီးဆုံးခဲ့ရသည်။