ထိုင်းနိုင်ငံတွင် Covid-19 တိုက်ဖျက်ရေး အတွက် ပြန်လည်တင်းကျပ်ရန်  အစိုးရကို တိုက်တွန်း

Photo: CDC  Thailand
Photo: CDC Thailand
ထိုင်းနိုင်ငံတွင် Covid-19 တိုက်ဖျက်ရေး အတွက် ပြန်လည်တင်းကျပ်ရန်  အစိုးရကို တိုက်တွန်း
By Mr John

ထိုင်းနိုင်ငံတွင် မဖြစ်မနေ mask တပ်ရမှု အပါအဝင် တင်းကျပ်သည့် COVID-19 ကာကွယ်ရေး အစီအမံများ ပြန်သတ်မှတ်ရန် အစိုးရကို အကြံပြုခဲ့ကြောင်းနှင့် အိုမီခရွန်၏ နောက်ထပ် မျိုးကွဲများဖြစ်သော BA.5 နှင့် BA.5 တို့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးတွင် အကူအညီဖြစ်စေရန် ထိုသို့ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း Siriraj ဆေးရုံ အကြီးအကဲက ဇူလိုင်လ (၅) ရက်နေ့တွင် ပြောသည်။

ထိုင်း၏ COVID-19 အခြေအနေမှာ ပိုမိုကူးစက်မြန်သည့် BA.4 နှင့် BA.5 ပျံ့နှံ့မှုကို တုံ့ပြန်ဆောင်ရွက်နေရသော အခြားနိုင်ငံ (၁၁၀) နှင့် မကွာခြားကြောင်းနှင့် မကြာမီ ထိုဗိုင်းရပ်စ်မျိုးကွဲ (၂) ခုက နိုင်ငံအတွင်း အဓိက ကူးစက်မှုဖြစ်လာမည်ဟု Siriraj ဆေးရုံ အကြီးအကဲ ပါမောက္ခ ဒေါက်တာ Prasit Watanapa က ဆိုသည်။ 

မတူညီသည့် နိုင်ငံများမှ အချက်အလက်များအရ အိုမီခရွန်ဗိုင်းရပ်စ်၏ နောက်ထပ်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 တို့မှာ ရောဂါလက္ခဏာ ပြင်းထန်စေပုံ မရသော်လည်း လူဦးရေ၏ (၄၂-၄၃) ရာခိုင်နှုန်းကသာ ကိုရိုနာဗိုင်းရပ်စ် ထပ်ဆောင်း ကာကွယ်ဆေးထိုးထားပြီး ကာကွယ်ဆေး မထိုးထားရသေးသူများလည်းရှိရာ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အစီအမံများကို နောက်တစ်ကြိမ် ပြန်လုပ်ဆောင်ရမည်ဟု ဒေါက်တာ Prasit Watanapa က ပြောသည်။

"အစိုးရအနေနဲ့ အဆောက်အအုံတွေထဲမှာ mask တပ်ခိုင်းတာ အပါအဝင် တင်းကျပ်တဲ့ ကာကွယ်ရေး အစီအမံတွေ ပြန်လုပ်သင့်တယ်။ ဒါက အဆောတလျင် လုပ်ရမှာပါ။ ဆေးရုံကုတင်တွေ မလောက်တော့တဲ့အချိန်ထိ ကျွန်တော်တို့ စောင့်မနေသင့်ပါဘူး" ဟု ၎င်းက ဆိုသည်။ 

"BA.4 နဲ့ BA.5 က ဒယ်လ်တာလောက် ရောဂါမပြင်းထန်နိုင်ပေမဲ့ သူတို့က ပိုပြီးကူးစက်လွယ်ပါတယ်။ တကယ်လို့ ကူးစက်မှုအရေအတွက် ဆက်မြင့်တက်နေမယ်ဆိုရင် သူတို့က နောက်ထပ် မျိုးဗီဇပြောင်းသွားနိုင်ပါတယ်" ဟုလည်း ဒေါက်တာ Prasit Watanapa က ရှင်းပြခဲ့သည်။

Siriraj ဆေးရုံ၏ အသက်ရှူလမ်းကြောင်းနှင့် တီဘီရောဂါဌာန အကြီးအကဲ ဒေါက်တာ Nithipat Jearakul ၏ အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကူးစက်မှုအခြေအနေမှာ ယခင်ရှေ့တစ်ပတ်ကထက် ပို၍ ပြင်းထန်လာခဲ့ကြောင်းနှင့် ဆေးရုံတွင် COVID-19 လူနာအရေအတွက် မြင့်တက်လာကြောင်း သိရသည်။ 

COVID-19 တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများမှာ အလုပ်ချိန် (၂) ဆ ပြန်ဖြစ်လာကြောင်း၊ ဘန်ကောက်နှင့် အခြားပြည်နယ်များရှိ ဆေးရုံအများအပြားတွင်လည်း Siriraj ဆေးရုံကဲ့သို့ အခြေအနေဖြစ်နေကြောင်း ဒေါက်တာ Nithipat Jearakul က Faebook ပို့စ်တစ်ခုတွင် ရေးသားထားသည်။

ဘန်ကောက်မြို့တော်ဧရိယာနှင့် ခရီးသွားများလာရောက်ကြရာ အဓိကပြည်နယ်များတွင် မပြင်းထန်သော COVID-19 ကူးစက်မှုအသစ် အရေအတွက် မြင့်တက်နေကြောင်းနှင့် ကူးစက်ခံရသူများတွင် အဆုတ်ရောင်ရမ်းမှု ဖြစ်နေကြကြောင်း ရောဂါထိန်းချုပ်ရေးဌာနကလည်း ဇူလိုင်လ (၄) ရက်နေ့တွင် ပြောခဲ့သည်။ 

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုအသစ်များ နောက်သီတင်းပတ် (၁၀) ပတ်အတွင်း မြင့်တက်လာနိုင်ကြောင်း ကူးစက်ရောဂါဆိုင်ရာဌာန ညွန်ကြားရေးမှူး ဒေါက်တာ Chakarat Pitayawong-anon က ဆိုသည်။

သို့သော် အရေအတွက်မှာ ကာကွယ်ဆေးထိုးထားခြင်းနှင့် တစ်ကိုယ်ရည်ကာကွယ်မှု လုပ်ဆောင်ခြင်းတို့ကြောင့် ပြီးခဲ့သည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအတွင်းမှာကဲ့သို့ အစပိုင်းတွင် မြင့်မားမည်မဟုတ်ဟု ဆိုသည်။ 

တစ်ကိုယ်ရည်ကာကွယ်မှုမှာ ကူးစက်မှုအသစ်များ ထိန်းချုပ်ရေးတွင် အဓိကကျကြောင်းလည်း ဒေါက်တာ Chakarat က ပြောခဲ့သည်။

Source: Bangkok Post