အရက်ရောင်းအားကျနေသည့် ဂျပန်အစိုးရက လူငယ်များ အရက်သောက်လာစေရန် ကြံစည်

အရက်ရောင်းအားကျနေသည့် ဂျပန်အစိုးရက လူငယ်များ အရက်သောက်လာစေရန် ကြံစည်
သြဂုတ် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဂျပန်နိုင်ငံတွင် လူငယ်များ အရက်မသောက်ကြသည့် ပုံမှန်မဟုတ်သော ပြဿနာတစ်ရပ်ကို အစိုးရအနေဖြင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။ 

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဘားဆိုင်များနှင့် အခြား အရက်ရောင်းသည့်နေရာများမှာ ကန့်သတ်ချက်များကြောင့် ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့ပြီး ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံတွင် အရက်ရောင်းအားနှင့် အရက်ခွန်ဝင်ငွေရရှိမှု ထိုးကျသွားခဲ့သည်။

ဂျပန်အစိုးရက ထိုပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုအဖြစ် လူငယ်များ အရက်ပိုသောက်လာကြရန် နည်းလမ်းသစ်များရှာဖွေသည့် ပြိုင်ပွဲတစ်ရပ်ကို ဖိတ်ခေါ်ကျင်းပခဲ့သည်ဟု ဆိုသည်။ 

ဂျပန်အခွန်ဌာန National Tax Agency က ဦးစီးပြုလုပ်သည့် "Sake Viva!" ဟု အမည်ပေးထာသည့် ထိုပြိုင်ပွဲတွင် လူငယ်များကြား အရက်သောက်သုံးမှု များလာစေရန် မည်သို့စည်းရုံးလှုံ့ဆော်မည်ဆိုသည့် စိတ်ကူးအကြံဉာဏ်များ ပေးပို့ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။

"မွေးဖွားနှုန်းကျဆင်းမှုနှင့် သက်ကြီးရွယ်အို ဦးရေကဲ့သို့ လူဦးရေအပြောင်းအလဲများနှင့် COVID-19 သက်ရောက်မှုကြောင့် လူနေမှုပုံစံ ပြောင်းလဲမှုများကြောင့် ပြည်တွင်းအရက်ဈေးကွက်က ကျဆင်းသွားခဲ့တယ်" ဟု "Sake Viva!" ပြိုင်ပွဲဝက်ဘ်ဆိုက်တွင် ပြောထားသည်။ 

ယခုပြိုင်ပွဲမှာ မျိုးဆက်သစ်လူငယ်များကို ဆွဲဆောင်ရန်နှင့် လုပ်ငန်းပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ပြိုင်ပွဲတွင် ဂျပန်အရက်အမျိုးအစား အားလုံးအတွက် အရောင်းမြှင့်တင်ရေး စိတ်ကူးအကြံဉာဏ်များ ပါဝင်ပြီး စက်တင်ဘာလ (၉) ရက်နေ့အထိ ပြိုင်ပွဲဝင်လျှောက်လွှာများ လက်ခံသွားမည်ဟု သိရသည်။ 

ဆန်ကာတင်အဆင့် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်များကို အောက်တိုဘာလတွင် ပြုလုပ်သွားမည့် ကျွမ်းကျင်သူ ဆွေးနွေးတိုင်ပင်မှုသို့ ဖိတ်ကြားသွားမည်ဟု ဆိုသည်။

ထို့နောက် နောက်ဆုံးအဆင့် ယှဥ်ပြိုင်မှုကို တိုကျိုမြို့တွင် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ 

ယခုပြိုင်ပွဲတွင် အနိုင်ရသူမှာ ၎င်း၏အစီအစဥ်ကို စီးပွားဖြစ်လုပ်ဆောင်ရန် အထောက်အပံ့ရရှိမည်ဖြစ်ကြောင်း အခွန်ဌာနက ပြောသည်။ 

သို့သော် အခွန်ဌာနနှင့် ပြိုင်ပွဲအစီအစဥ်ကို အွန်လိုင်းတွင် လူအချို့က ဝေဖန်မှုများရှိနေကြောင်း သိရသည်။

"လာနောက်နေတာလား? အရက်နဲ့ဝေးဝေးနေတာ ကောင်းတဲ့အရာတစ်ခုပဲ!" ဟု Twitter အသုံးပြုသူတစ်ဦးက ရေးသားထားသည်။ 

အခြား အွန်လိုင်းအသုံးပြုသူများကလည်း အစိုးရဌာနတစ်ခုအနေဖြင့် လူငယ်တွေကို အရက်သောက်ရန် အားပေးခြင်းမှာ မသင့်လျော်ကြောင်းနှင့် ယခုပြိုင်ပွဲက ကျန်းမာရေးအန္တရာယ် သို့မဟုတ် အရက်စွဲနေသူများကို ထည့်သွင်းစဥ်းစားခဲ့ပုံမရှိကြောင်း ထောက်ပြဝေဖန်ကြသည်။

ဂျပန်နိုင်ငံတွင် အသက် (၄၀) ကျော်မှ (၆၀) ကျော်အရွယ်များ၏ (၃၀) ရာခိုင်နှုန်းက တစ်ပတ်လျှင် (၃) ရက် သို့မဟုတ် ထိုထက်ပို၍ အရက်သောက်ကြပြီး ပုံမှန်အရက်သောက်ကြသည်ဟု စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry) က ဆိုသည်။ အသက် (၂၀) ကျော်အရွယ်များတွင်မူ (၇.၈) ရာခိုင်နှုန်းကသာ ထိုသို့ သောက်လေ့ရှိကြကြောင်း သိရသည်။

"ဒီပုံစံအတိုင်း တစ်နှစ်ပြီးတစ်နှစ် အရက်သောက်တဲ့ အလေ့အထတွေ လျော့နည်းသွားခြင်းက ပြည်တွင်းဈေးကွက် ကျဆင်းသွားခြင်းအပါ် သက်ရောက်မှုရှိတယ်လို့ ယူဆရပါတယ်" ဟု ဝန်ကြီးဌာနက ဆိုသည်။ 

ဂျပန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် အစီရင်ခံစာတစ်ခုအရ အရက်ခွန်ဝင်ငွေမှာ ရာစုနှစ်များနှင့်ချီပြီး အစိုးရအတွက် အဓိက ဝင်ငွေရင်းမြစ်ဖြစ်ခဲ့သည်ဟု သိရသည်။ သို့သော် မကြာသေးမီ ဆယ်စုနှစ်များအတွင်း အရက်ခွန်ဝင်ငွေ လျော့ကျသွားခဲ့သည်။

ဂျပန်အစိုးရက ၂၀၂၁ ခုနှစ်တွင် အရက်ခွန်အဖြစ် ယန်းငွေ (၁.၁) ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံ) ရရှိခဲ့ပြီး အခွန်ငွေအရပ်ရပ် (၁.၇) ရာခိုင်နှုန်း ဖြစ်ခဲ့သည်။ 

ထိုရာခိုင်နှုန်းမှာ ၂၀၁၁ ခုနှစ်တွင် (၃) ရာခိုင်နှုန်းနှင့် ၁၉၈၀ ပြည့်နှစ်တွင် (၅) ရာခိုင်နှုန်း ဖြစ်ခဲ့သည်။ 

ဂျပန်နိုင်ငံက ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း COVID-19 အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့ပြီး စားသောက်ဆိုင်များကို အရက်ရောင်းချရန်နှင့် ညဥ့်နက်အထိဖွင့်လှစ်ရန် ပြန်ခွင့်ပြုခဲ့သည်။ 

သို့သော် နိုင်ငံ၏ အချို့နေရာများတွင်မူ ယခုနှစ် မတ်လအထိ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များရှိနေခဲ့ကြောင်း သိရသည်။

Source: CNN