လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် စကားလုံး အသုံးအနှုန်း ဆင်ခြင်ရန် နာယက သတိပေး

လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် စကားလုံး အသုံးအနှုန်း ဆင်ခြင်ရန် နာယက သတိပေး
နိုဝင်ဘာ 28, 2019
By Tachileik News Agency
လွှတ်တော်အတွင်း  ဆွေးနွေးမှုတွင် စကားလုံး အသုံးအနှုန်း ဆင်ခြင်ရန် နာယက သတိပေး 

လွှတ်တော်အတွင်း ကိုယ်စားလှယ်များဆွေးနွေးရာတွင် သက်ဆိုင်ရာအကြောင်းအရာကိုသာ ဆွေးနွေးစေပြီး တစ်ဖက်သားကို ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းများဖြင့် ပြောဆိုနေမှုများကို ဆင်ခြင်ရန် ပြည်ထောင်စုလွှတ်တော်နာယက သတိပေးလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  အဌမနေ့နှင့် နဝမနေ့များတွင် ဆွေးနွေးမှုများတွင် သုံးနှုန်းပြောဆိုမှုများနှင့်ပတ်သက်၍ ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

"လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြတဲ့အခါမှာ အစီအရင်ခံစာအကြောင်းအရာများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများနဲ့ ဆွေးနွေးကြပြီး ပါတီ၊ ဌာန၊ အဖွဲ့အစည်းတစ်ခုခု၊ တိုင်းရင်းသားလူမျိုးစုတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ထိခိုက်နစ်နာမှုရှိတဲ့ အသုံးအနှုန်းများနဲ့ ပြောဆိုဆွေးနွေးမှုမျိုး မဖြစ်စေဖို့ ဂရုပြုစေလိုပါတယ်"ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးလိုက်ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားပြီး လွှတ်တော် ဂုဏ်သိက္ခာများနှင့်အညီ ပြုမူကြရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်ကို အပြည့်အဝ အသုံးပြုနိုင်သော်လည်း သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွှတ်စေရန် သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။   

"ဆွေးနွေးချက်အချို့မှာ လွှတ်တော်က ဆုံးဖြတ်အတည်ပြုပြီးတဲ့ ကိစ္စတစ်ခုကို ဥပဒေနဲ့ညီတယ်၊ မညီဘူးပြောကြပါတယ်။ တစ်ဦး၊ တစ်ဖွဲ့ရဲ့ပြောကြားချက်နဲ့ သတ်မှတ်လို့မရတဲ့ကိစ္စဖြစ်ပါတယ်။ မညီဘူးလို့ယူဆရင် လုပ်ဆောင်နိုင်တဲ့ သတ်မှတ်ပြဌာန်းချက်များ ရှိပါတယ်။ ပြောလို့ရတိုင်း ပြောလို့မသင့်တဲ့ ပြောလို့မကောင်းတဲ့ အသုံးအနှုန်းတွေအတွက် လိုက်နာရမယ့်ကျင့်ဝတ်စည်းကမ်းတွေရှိပါတယ်။ တစ်ဦးချင်း လိုက်နာစောင့်ထိန်းကြဖို့ လိုပါတယ်"ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်းသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် တပ်မတော်သားကိုယ်စားလှယ် (၃)ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၄) ဦး၏ ဆွေးနွေးချက်များ၌ ပါဝင်ခဲ့သည့် မယောင်ရာဆီလူး၊ ဝေ့လည်ကြောင်ပတ်၊ သဝေထိုးနေတယ်၊ သွေးရိုးသားရိုးဟုတ်လို့လား၊ စိန်ခေါ်ချင်တာက၊ အချိန်ဆွဲနေတာလား စသည့် အသုံးအနှုန်းများကို လွှတ်တော်မှတ်တမ်းများမှ နှုတ်ပယ်ခဲ့သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~