အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူအပေါ် အကြမ်းဖက်နှိပ်စက်နေမှု ချက်ချင်း ရပ်တန့်ရမည်ဟု PPST ပြော

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူအပေါ် အကြမ်းဖက်နှိပ်စက်နေမှု ချက်ချင်း ရပ်တန့်ရမည်ဟု PPST ပြော

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက်နှိပ်စက်နေမှုကို ချက်ချင်းရပ်တန့်ရန်လိုအပ်သည်ဟု  ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။

ကျွန်တော်တို့အနေနဲ့ အခုအဖြစ်အပျက်တွေအပေါ်မှာ အထူးသဖြင့် ပြည်သူလူထုအပေါ်မှာ စစ်ကောင်စီကနေပြီးတော့ အကြမ်းဖက်နေတာတွေ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာတွေကိုတော့ ချက်ချင်းရပ်တန့်ဖို့လိုတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကပါ တုန်လှုပ်ခြောက်ခြားရတဲ့အထိ စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ပြုမူမှုတွေအပေါ်မှာတော့ ကျွန်တော်တို့လည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားတာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေအပေါ်မှာ စစ်ကောင်စီက တာဝန်ယူရမယ်၊ တာဝန်ခံရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်နေတဲ့ဟာတွေကိုတော့ဖြင့် စစ်ကောင်စီက ချက်ချင်းရပ်တန့်ဖို့လိုတယ်။ အဲဒါမှ မဟုတ်ဘဲနဲ့ကတော့ စစ်ကောင်စီက အခုပြောနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးတယ်တို့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးတယ်တို့ဆိုတဲ့ဟာတွေက အဓိပ္ပာယ်ရှိလာမှာမဟုတ်ပါဘူး

ဟု NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက Tachileik News Agency မှတစ်ဆင့် ပြောကြားလိုက်သည်။

 

သက်ဆိုင်သူများအားလုံးအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ်ရပ်စဲမှုကိုလက်ခံရန်၊ အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဆုံးသတ်ရန်နှင့် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တောင်းဆိုသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ဇန်နဝါရီလ (၇) ရက်နေ့ခရီးစဉ်အတွင်း  အာဏာသိမ်းစစ်ကောင်စီ၏ ခေါင်းဆောင်က ပြောကြားခဲ့မှုနှင့်ပတ်သက်၍ PPST ၏မှတ်ချက်ကို မေးမြန်းစဉ် အထက်ပါအတိုင်း တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒေသအနှံ့အပြားမှ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများသာက NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုပါ နေ့စဉ်တိုက်ခိုက်မှုများလုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ခေါင်းဆောင်ကEAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ)များနှင့် ဖေဖေါ်ဝါရီလကုန်အထိ အပစ်ရပ်ထားပြီး နှစ်ကုန်အထိ အပစ်ရပ်သက်တမ်း ထပ်တိုးနိုင်ဖွယ်ရှိနေပြီး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် အာဆီယံအထူးကိုယ်စားလှယ်ပါဝင်ရန် ကြိုဆိုသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ပြောခဲ့သည်ကိုတွေ့ရသည်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးရေးကိစ္စတွေကတော့ ကျွန်တော်တို့ အခြေအနေနဲ့ကတော့ ဘယ်အပေါ်မှာ အခြေပြုပြောတယ်ဆိုတာ ကျွန်တော်တို့လည်း သေချာမသိဘူး။ မသိတဲ့အခါကျတော့ သူပြောချင်တာဘာလဲဆိုတာ  ကျွန်တော်တို့ စောင့်ကြည့်ရအုံးမယ်။ သို့သော် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ပါဝင်မှုကတော့ အရေးကြီးတယ်။ သို့သော် အခုပြောတဲ့ အာဆီယံကိုယ်စားလှယ်လောက်နဲ့တော့ မရဘူးပေါ့

ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက ပြောသည်။

အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ် ရပ်သွားသည့်အပြင် လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီသည်  NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ အဖွဲ့အချို့အပြင် NCA လက်မှတ်မထိုးထားသည့်အဖွဲ့များဖြင့်ပါ တိုက်ခိုက်မှုများရှိနေခြင်းဖြစ်သည်။