အီရန်နိုင်ငံတွင် ဆန္ဒပြမှုကြောင့် သေဆုံး ပြည်သူ (၂၃၀)ကျော်လာသော်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပို၍ အရှိန်မြင့်လာ

အီရန်နိုင်ငံတွင် ဆန္ဒပြမှုကြောင့် သေဆုံး ပြည်သူ (၂၃၀)ကျော်လာသော်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပို၍ အရှိန်မြင့်လာ
အောက်တိုဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

 အီရန်နိုင်ငံတွင် ဆန္ဒပြမှုအတွင်း သေဆုံးပြည်သူ (၂၃၀)ကျော်ရှိနေသော်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများမှာ အောက်တိုဘာလ(၂၇)ရက်နေ့အထိ  ပို၍ အရှိန်ပိုမြင့်လာကြောင်း သိရသည်။ 

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် အသက် (၂၂) နှစ်အရွယ် ကာဒစ်-အီရန်အမျိုးသမီး Mahsa Amini သေဆုံးခဲ့ပြီးနောက် အီရန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး လူထောင်ပေါင်းများစွာက လုံခြုံရေးတပ်ဖွဲ့များကို အာခံဖီဆန်ပြီး အီရန်နိုင်ငံ၏ အဓိကမြို့ကြီးများတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

ဆန္ဒပြသူများက Amini သေဆုံးမှု ရက် (၄၀) ပြည့် အမှတ်တရ ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒပြမှုများ အရှိန်ပိုမြင့်လာခဲ့သည်ဟု ဆိုသည်။ 

ယခု ဆန္ဒပြမှုများမှာ အစ္စလာမ်မစ်နိုင်ငံအတွက် အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်လာသည်။ 

ဆန္ဒပြမှုများ ဆက်လက်အားကောင်းနေရာ အီရန်လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းနေကြောင်းလည်း သိရသည်။

သေဆုံးပြည်သူများ

နော်ဝေနိုင်ငံအခြေစိုက် Iran Human Rights (IHR) ၏ ပြောကြားမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းမှုများအတွင်း ကလေး (၂၉) ဦး အပါအဝင် အနည်းဆုံး လူ (၂၃၄) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

အီရန်ခေါင်းဆောင် Ali Khamenei ကမူ ယခု ဆန္ဒပြမှုများကို ပြည်ပနိုင်ငံများက လှုံ့ဆော်ပေးသည့် ဆူပူအုံကြွမှုများအဖြစ် ပြောဆိုခဲ့သည်။

BBC သတင်းဌာနက အတည်ပြုထားသည့် ဆိုရှယ်မီဒီယာပေါ်မှ မှတ်တမ်းများအရ အောက်တိုဘာလ (၂၆) ရက် ညပိုင်းက အီရန်တွင် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တီဟီရန်မြို့တော် လမ်းမများပေါ်တွင် မီးရှို့မှုများရှိခဲ့ပြီး ရာနှင့်ချီသည့် ဆန္ဒပြသူများက အဓိက လမ်းမကြီးတစ်ခုတွင် စုရုံးချီတက်ကာ အီရန်ခေါင်းဆောင် Khamenei ကို ရည်ညွှန်းသည့် အာဏာရှင်ကျဆုံးစေကြောင်း ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်ခဲ့ကြသည်။

အီရန်အနောက်ပိုင်းရှိ Andimeshk နှင့် Borujerd၊ မြောက်ပိုင်းရှိ ကက်စပီယန်ပင်လယ်အနီးမှ Lahijan ကဲ့သို့ အခြား မြို့များတွင်လည်း ဆန္ဒပြမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ 

ရဲတပ်ဖွဲ့က Amini ၏ ဇာတိမြို့ဖြစ်သည့် Saqqez မြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ပြီးနောက်တစ်ရက်၌ အီရန်တဝန်း ဆန္ဒပြမှုများ အရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာလ (၂၆) ရက် ညပိုင်း ဆန္ဒပြမှုများမှာ Amini သေဆုံးခဲ့ပြီးနောက် အကြီးဆုံး ဆန္ဒပြမှုများလည်း ဖြစ်လာခဲ့သည်။ 

အောက်တိုဘာလ (၂၇) ရက်တွင်လည်း အီရန်မြို့များတွင် နောက်ထပ် ဆန္ဒပြမှုများရှိလာခဲ့ကြောင်း သိရသည်။

Source: BBC

Photo: TWITTER/HomayouRashidi, TWITTER/Soul_AP