တောင်ကိုရီးယားနိုင်ငံ အမြန်လမ်းဥမင်တစ်ခုတွင် မီးလောင်မှုကြောင့် လူ (၅) ဦး သေဆုံးပြီး ကား အစီး(၄၀)ကျော် ပျက်စီး

တောင်ကိုရီးယားနိုင်ငံ အမြန်လမ်းဥမင်တစ်ခုတွင် မီးလောင်မှုကြောင့် လူ (၅) ဦး သေဆုံးပြီး ကား အစီး(၄၀)ကျော် ပျက်စီး
ဒီဇင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

 တောင်ကိုရီးယားနိုင်ငံ အမြန်လမ်းမပေါ်ရှိ ဥမင်တစ်ခုတွင် ကားအသွားအလာ များပြားနေစဥ် ဒီဇင်ဘာလ (၂၉) ရက်နေ့က မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး (၄၀) ဦးနီးပါး ဒဏ်ရာရခဲ့ကြောင်း အရေးပါ်ဌာန တာဝန်ရှိသူများနှင့် မီဒီယာများက ပြောသည်။ 

ဆိုးလ်မြို့အတော်အနီး Gwacheon မြို့ရှိ Second Gyeongin Expressway အမြန်လမ်းမပေါ်တွင် ဒေသစံတော်ချိန် မွန်းလွဲ (၁) နာရီ (၄၉) မိနစ်ခန့်က မီးလောင်မှုကြီး  စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်တွင်းမီဒီယာများ၏  ဖော်ပြထားသည့် ဓာတ်ပုံများအရ ကြီးမားသည့် မီးတောက်နှင့် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို တွေ့ရပြီး ရာနှင့်ချီသည့် မီးသတ်သမားများက မီးလောင်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ရသည်။ 

ကားအသွားအလာ များပြားမှုကြောင့် မီးလောင်မှုဖြစ်ပွားရာ နေရာမှ ကားများ လွတ်မြောက်ရန် ခက်ခဲခဲ့ပြီး မီးလောင်မှုမှာ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့ကြောင်းနှင့် ပေါက်ကွဲသံတစ်ခုလည်း ကြားခဲ့ရကြောင်း မျက်မြင်ကြုံတွေ့ရသူတစ်ဦးက တောင်ကိုရီးယား ရုပ်မြင်သံကြားလိုင်း YTN ကို ပြောသည်။

မီဒီယာများတွင် ဖော်ပြမှုအရ ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး တိုက်မိခဲ့ပြီးနောက် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပုံရကြောင်း သိရသည်။

သို့သော် မီးသတ်အရာရှိတစ်ဦးကမူ ယခုမီးလောင်မှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် မီးငြှိမ်းသတ်ပြီးဖြစ်ကြောင်း နှင့် မီးလောင်မှုကြောင့် ကားအစီးရေ (၄၄) စီး ပျက်စီးခဲ့ကြောင်း ၎င်းကဆိုသည်။ 

အမြန်လမ်းမပေါ် မီးလောင်မှုကြီးကြောင့် လူ (၅) ဦး သေဆုံးပြီး အနည်းဆုံး (၃၇) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် (၃) ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း အရေးပေါ်ဌာန အရာရှိတစ်ဦးက ပြောသည်။

Source: Reuters

Photo: YONHAP NEWS AGENCY,