ဆီနီဂေါနိုင်ငံသား TikTok စတား Khaby Lame  အီတလီနိုင်ငံသား အဖြစ် ခံယူခွင့်ရ

ဆီနီဂေါနိုင်ငံသား TikTok စတား Khaby Lame  အီတလီနိုင်ငံသား အဖြစ် ခံယူခွင့်ရ
သြဂုတ် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြန်မာနိုင်ငံမှ အွန်လိုင်းအသုံးပြုသူများကြားတွင်လည်း လူသိများသူ ဆီနီဂေါနိုင်ငံဖွား TikTok စတား Khaby Lame ကို အီတလီနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။ 

အသက် (၂၂) နှစ်အရွယ် Lame က ၎င်း၏အသက် (၁) နှစ်အရွယ်ကတည်းက အီတလီတွင် နေထိုင်ခဲ့သူဖြစ်ကာ အမြဲတမ်း အီတလီတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံစားရသည်ဟု ဆိုသည်။

Lame မှာ ၎င်း၏ ဟာသလုပ်ထားသည့် ဗီဒီယိုများနှင့်အတူ TikTok တွင် ပရိသတ်အများဆုံး ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ 

လက်ရှိအချိန်အထိ Lame ၏ TikTok တွင် follower အရေအတွက် (၁၄၈.၄) သန်းရှိပြီး အများဆုံးဖြစ်သည်။ 

Lame ကို ၎င်း၏ အခြေချနေထိုင်ရာမြို့ဖြစ်သော တူရင်မြို့အနီး Piedmont နယ်မြေရှိ Chivasso မြို့တွင် အီတလီနိုင်ငံသားအဖြစ် အခမ်းအနားဖြင့် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကြောင့် အီတလီတွင် lockdown လုပ်ခဲ့ရာမှ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်သူ Lame မှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

ထို့နောက် ၎င်းက TikTok တွင် ဟာသလုပ် နောက်ပြောင်ထားသည့် ဗီဒီယိုများ ရိုက်ကူးမျှဝေရာမှ ကမ္ဘာတဝန်း လူသိများကျော်ကြားလာခဲ့ပြီး TikTok ပရိသတ် သန်း (၁၅၀) နီးပါးရှိလာခဲ့သည်။

Lame ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုကြောင်း အီတလီပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ (၈) ရက်နေ့တွင် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သီတင်း (၂) ပတ်အကြာတွင် Lame က TikTok တွင် follower အများဆုံးဖြစ်သူ အမေရိကန် ဆိုရှယ်မီဒီယာစတား Charli D'Amelo ကို ကျော်တက်ပြီး follower အများဆုံး TikTok စတားဖြစ်လာခဲ့ကြောင်း သိရသည်။ 

ဆီနီဂေါပတ်စ်ပို့ ကိုင်ဆောင်ထားဆဲဖြစ်သူ Lame က အီတလီနိုင်ငံသား ဖြစ်လာခြင်းအတွက် အလွန်ဂုဏ်ယူကြောင်းနှင့် ကျမ်းကျိန်ခဲ့မှုအတွက် ကြီးမြတ်သည့် နိုင်ငံသားတာဝန်ကို ခံစားရကြောင်း သတင်းထောက်များကို ပြောသည်။

အီတလီနိုင်ငံတွင် နိုင်ငံခြားသား မိဘများက မွေးဖွားလာသော ကလေးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု မပြု ကာလရှည်ကြာ နိုင်ငံရေးအရ အ‌ချေအတင် ဆွေးနွေးငြင်းခုန်မှုများရှိနေစဥ် အီတလီတွင် မွေးဖွားခဲ့သူမဟုတ်သည့် Lame ကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ခြင်းလည်းဖြစ်ရာ ဥပဒေပြောင်းလဲတော့မည်လားဟု မေးခွန်းထုတ်မှုများလည်း ရှိနေသည်။ 

လက်ရှိဥပဒေအရ အီတလီတွင် ရွှေ့ပြောင်းအခြေချနေထိုင်သည့် နိုင်ငံခြားသား မိဘများက မွေးဖွားသည့် ကလေးများမှာ အလိုအလျော နိုင်ငံသားမဖြစ်ဘဲ အသက် (၁၈) နှစ်ပြည့်မှသာ နိုင်ငံသားဖြစ်ရန် လျှောက်ထားရခြင်း ဖြစ်သည်။

Source: The Guardian, Al Jazeera