မျက်နှာမှတ်သားမှုစနစ်သုံး စမတ်သေနတ် အမေရိကန်တွင် ရောင်းချ

မျက်နှာမှတ်သားမှုစနစ်သုံး စမတ်သေနတ် အမေရိကန်တွင် ရောင်းချ
By Mr John

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် အခြေစိုက် Biofire Tech ကုမ္ပဏီက မျက်နှာမှတ်သားမှုစနစ် နည်းပညာ အသုံးပြုထားသော စမတ်သေနတ် (smart gun) အတွက် အမှာစာများ လက်ခံနေပြီ ဖြစ်သည်။ 

ယခု စမတ်သေနတ်မှာ နည်းပညာဖြင့် စစ်ဆေးအတည်ပြုထားသည့် အသုံးပြုသူများသာ ပစ်ခတ်နိုင်သော ကိုယ်ပိုင်လက်နက်များ ထုတ်လုပ်ရေးတွင် နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှုတစ်ခုလည်း ဖြစ်လာသည်။

Biofire ၏ စမတ်သေနတ်တွင် လက်ဗွေဖတ်သည့် စနစ်လည်း ပါဝင်သည်။ 

ထိုစနစ်က ကလေးများ မတော်တဆ ပစ်ခတ်မိခြင်း မရှိစေရန်၊ သေကြောင်းကြံစည်မှုများ လျှော့ချရန်၊ ရဲတပ်ဖွဲ့ဝင်များ သေနတ်အလုခံရခြင်းမှ ကာကွယ်ရန် သို့မဟုတ် ပျောက်ဆုံးသွားသော သေနတ်များနှင့် ခိုးယူခံရသည့် သေနတ်များကို အသုံးပြု၍မရစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

Biofire ၏ မျက်နှာမှတ်သားစနစ် နည်းပညာ အသုံးပြုထားသော သုံးစွဲသူ အသင့်အသုံးပြုနိုင်သည့် ပထမဆုံးပုံစံ 9MM သေနတ်အတိုကို ကြိုတင်မှာကြား ဝယ်ယူထားသူများထံ ၂၀၂၃ ခုနှစ် စတုတ္တ (၃) လပတ်အတွင်း အစောဆုံးအဖြစ် ပို့ပေးနိုင်မည်ဟု ဆိုသည်။ 

အမေရိကန်ဒေါ်လာ (၁,၄၉၉) တန် စမတ်သေနတ် အမျိုးအစားကို ၂၀၂၄ ခုနှစ် ဒုတိယ (၃) လပတ်တွင် ဝယ်ယူနိုင်မည်ဟု Biofire က ပြောသည်။

Biofire ၏ စမတ်သေနတ်မှာ ၂၀၁၄ ခုနှစ်တွင် ခေတ္တရောင်းချခဲ့သည့် Armatix စမတ်သေနတ်နောက်ပိုင်း အမေရိကန်တွင် ပထမဆုံး စီးပွားဖြစ်ရောင်းချသည့် စမတ်သေနတ် ဖြစ်နိုင်ကြောင်းလည်း သိရသည်။ 

အနည်းဆုံး အခြား အမေရိကန်ကုမ္ပဏီ (၂) ခုဖြစ်သည့် LodeStar Works နှင့် Free State Firearms တို့ ကလည်း စမတ်သေနတ်များကို ဈေးကွက်တင်ရောင်းချရန် ကြိုးပမ်းနေသည်။

စမတ်သေနတ် သရုပ်ပြ စမ်းသပ်မှုကို ကော်လိုရာဒိုပြည်နယ် Broomfield မြို့ရှိ Biofire ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့ရာ အမှုဆောင်အရာရှိချုပ် Kloepfer က ကနဦး ပစ်ခတ်ပြခဲ့ပြီး သေနတ်ကို ချထားခဲ့သည်။ 

ထို့နောက် နောက်အမျိုးသားတစ်ဦးက ထိုသေနတ်ကိုယူ၍ ပစ်ခတ်ရာ သေနတ်က ၎င်း၏မျက်နှာကို မသိရှိထားခြင်းကြောင့် ပစ်ခတ်၍မရခဲ့ကြောင်း သိရသည်။

Kloepfer က ပြန်လာပြီး နောက်တစ်ကြိမ် ပစ်ခတ်ပြခဲ့သည်။ 

ထိုအကြိမ်တွင် သေနတ်ကို ပစ်ခတ်၍မရ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှသာ ပစ်ခတ်နိုင်ခဲ့သည်။ 

ထို့နောက် အခြား နမူနာပုံစံ စမတ်သေနတ်တစ်လက်ကို ယူဆောင်လာခဲ့ပြီး စမ်းသပ်ပြခဲ့ရာတွင်မူ သေနတ်က စီစဥ်ထားသည့်အတိုင်း ပစ်ခတ်၍ရခဲ့သည်။ 

စမတ်သေနတ်ကို အသုံးပြုရာတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ရုတ်တရက် လိုအပ်လာချိန်၌ ပစ်ခတ်၍မရ ဖြစ်မည့်အပေါ် စိုးရိမ်ခဲ့ကြသည့် သေနတ်ဝါသနာပါသူ အများအပြားက စမတ်သေနတ်နည်းပညာကို သံသယရှိနေကြကြောင်းလည်း သိရသည်။

 

Source: Reuteres

Photo: REUTERS/Matt Mills McKnigh