ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများ လိုက်ပါလာသည့် ကား တိမ်းမှောက်၍ (၃) ဦး သေဆုံး

Photo: Nujaree Rakrun
Photo: Nujaree Rakrun
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများ လိုက်ပါလာသည့် ကား တိမ်းမှောက်၍ (၃) ဦး သေဆုံး

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီး ရှေ့ဘီးပေါက်ပြီးနောက် လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့မှုကြောင့် လိုက်ပါလာသူ (၃) ဦး သေဆုံးခဲ့ကြောင်းနှင့် အခြား (၅) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတောင်ပိုင်း နဂရသိရိဓမ္မရာဇ ပြည်နယ် ချူလာဘွန် ခရိုင် နမောဘွန် နယ်မြေအတွင်း အာရှလမ်းမကြီး Asian Highway 41 (AH41) တွင် ဩဂုတ်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီခန့်က ကားတိမ်းမှောက်မှု  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကားပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၃၃) ဦး လိုက်ပါလာခဲ့သည်။

ရာဇပုရီပြည်နယ်၏ လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားမှာ လမ်းဘေးတွင် ထက်ပိုင်းကျိုးပြီး ပက်လက်လန်နေခဲ့သည်ဟု အရေးပေါ် ကယ်ဆယ်ရေးသမားများက သတင်းပို့ခဲ့ကြောင်း နမောဘွန်နယ်မြေ လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ရဲဗိုလ်ကြီး Pradthana Mekchai က ပြောသည်။

ထိုကားမှောက်မှုအတွင်း လူ (၃) ဦး သေဆုံးပြီး အခြား (၅) ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ၎င်းတို့အားလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ 

ဒဏ်ရာရသူများကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ 

ထိုကားပေါ်တွင် လိုက်ပါလာပြီး ဒဏ်ရာမပြင်းထန်သူများက ရဲတပ်ဖွဲ့ မရောက်မီ အနီးအနားရှိ စိုက်ခင်းတစ်ခုအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။ 

နောက်ပိုင်းတွင် အချို့ကို ပြန်ဖမ်းမိခဲ့ပြီး ထိုင်လူမျိုး ယာဥ်မောင်းမှာ ထွက်ပြေးသွားခဲ့သည်။

ရဲဗိုလ်ကြီး Pradthana Mekchai ၏ ပြောကြားမှုအရ ထိုကားမှာ ရနောင် ပြည်နယ်အတွင်း မြန်မာဘက်မှ ရွှေ့ပြောင်းလုပ်သား (၃၃) ဦးကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့ကို ကားပေါ်တွင် ပြွတ်သိပ်တင်ဆောင်လာပြီး တာပေါ်လင်စဖြင့် ဖုံးအုပ်ထားခဲ့သည်။ 

အဆိုပါ ထရပ်ကားက မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းတောင်ပိုင်းနယ်စပ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အရှိန်မြှင့်မောင်းနှင်သွားခဲ့သည်ဟု ဆိုသည်။ 

  Nujaree Rakrun

ထိုသို့ အရှိန်ဖြင့်မောင်းနှင်နေစဥ် ကား၏ညာဘက်ရှေ့ဘီး ပေါက်သွားခဲ့ပြီးနောက် ယာဥ်မောင်းက မထိန်းနိုင်ဖြစ်သွားခဲ့ကာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ထွက်ပြေးသွားသည့် ယာဥ်မောင်းနှင့် ကျန်ရှိနေသေးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ရှာဖွေနေဆဲဟု ဆိုသည်။ 

ကနဦးအနေဖြင့် အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု အတည်မပြုနိုင်သေးကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

Source: Bangkok Post