ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် တရုတ်နိုင်ငံမှ ခရစ်ယာန်ဘုရားကျောင်း အဖွဲ့ဝင်များကို တတိယနိုင်ငံတစ်ခုသို့ ပို့ဆောင်သွားမည်

Photo: AP
Photo: AP
ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် တရုတ်နိုင်ငံမှ ခရစ်ယာန်ဘုရားကျောင်း အဖွဲ့ဝင်များကို တတိယနိုင်ငံတစ်ခုသို့ ပို့ဆောင်သွားမည်
By Mr John

ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှုဖြင့် လွန်ခဲ့သည့် တစ်ပတ်က ဖမ်းဆီးခဲ့သော နိုင်ငံစွန့်ခွာလာသူ တရုတ်ခရစ်ယာန်ဘုရားကျောင်း အဖွဲ့ဝင် (၆၀) ကျော်ကို လာမည့် သီတင်းပတ်အတွင်း တတိယနိုင်ငံတစ်ခုသို့ ပို့ဆောင်သွားဖွယ်ရှိကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။ 

တရုတ်နိုင်ငံရှိ Shenzhen Holy Reformed Church ခရစ်ယာန်ဘုရားကျောင်း၏ အဖွဲ့ဝင် (၆၃) ဦးတွင် လူကြီး (၃၁) ဦးနှင့် ကလေး (၃၂) ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့က ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် ‌လျှောက်ထားခဲ့ကြပြီး တရုတ်နိုင်ငံသို့ ပြန်ပို့ခံရပါက နှိပ်စက်ညှဥ်းပန်ခံရလိမ့်မည်ဟု ပြောကြသည်။ 

လူ့အခွင့်အရေးအဖွဲ့အစည်းများက အဆိုပါ တရုတ်လူမျိုးများကို တရုတ်နိုင်ငံသို့ ပြန်မပို့ရန် ထိုင်းအာဏာပိုင်များကို တိုက်တွန်းထားသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၏ ကိုယ်စားလှယ်များက တရုတ်နိုင်ငံသားများအုပ်စုအတွက် ဖြေရှင်းနည်းရှာရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အမေရိကန်သံရုံးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းလက်ထောက်ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn က ဆိုသည်။

"လာမယ့် သီတင်းပတ်ထဲမှာ သူတို့ကို သေချာပေါက် နိုင်ငံကနေ ထွက်ခွာစေမှာပါ။ ဘယ်နိုင်ငံကို ပို့သွားမလဲဆိုတာတော့ ကျနော်တို့ မသိသေးဘူး" ဟု ရဲဗိုလ်ချုပ်ကြီး Surachate Hakparn က AP သတင်းဌာနကို ပြောသည်။ 

Mayflower Church ဟုလည်း လူသိများသည့် တရုတ်ခရစ်ယာန်ဘုရားကျောင်း အဖွဲ့ဝင်များမှာ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ကြပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR (UN High Commissioner for Refugees - UNHCR) က ၎င်းတို့ကို ဒုက္ခသည်အဖြစ် သတ်မှတ်ခဲ့သည်။



အဆိုပါ တရုတ်ခရစ်ယာန်ဘုရားကျောင်း အဖွဲ့ဝင်များ၏ ပြောကြားမှုအရ ၎င်းတို့မှာ တရုတ်နိုင်ငံတွင် မခံနိုင်လောက်သည်အထိ ဒုက္ခပေး နှောင့်ယှက်တိုက်ခိုက်ခံနေရကြောင်းနှင့် အမေရိကန်တွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းနေခဲ့ကြောင်း သိရသည်။ 

၎င်းတို့အုပ်စုကို တက္ကဆက်ပြည်နယ်တွင် အခြေချနိုင်ရေး ကူညီပေးရန် ကြိုးပမ်းနေသည့် အမေရိကန်နိုင်ငံသား (၂) ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က မတ်လ (၃၁) ရက်နေ့တွင် ပတ္တယားမြို့၌ စီးနင်းမှုအတွင်း ခေတ္တ ထိန်းသိမ်းခဲ့သည်။

တရုတ်ခရစ်ယာန်အုပ်စုမှာ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံ Jeju ကျွန်းသို့ ကနဦး ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်ပြီး ထိုင်မှတဆင့် ဒုက္ခသည်အဖြစ် ခိုလှုံရန်အတွက် ၎င်းတို့အုပ်စုက ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်လာခဲ့ကြပြီး ကုလသမဂ္ဂနှင့် ဆက်သွယ်ခဲ့ကြကြောင်း သိရသည်။

Source: Bangkok Post

Photo: AP