ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုအတွင်း တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ တစ်ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရ

ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုအတွင်း တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ တစ်ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရ
By Mr John

ထိုင်းနိုင်ငံ Surat Thani ပြည်နယ် Tha Chana ခရိုင်တွင် ထိုင်း - မလေးရှားနယ်စပ်သို့ မောင်းနှင်သွားနေသည့် Toyota Fortuner ကားတစ်စီး နောက်တွဲကုန်တင်ကားကို အနောက်ကနေ ဝင်တိုက်ခဲ့မှုအတွင်း မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၉) ရက် နံနက်အစောပိုင်းက အမှတ် (၄) အမြန်လမ်းပေါ် ကီလိုမီတာ (၁၂၀) အမှတ်အသားတိုင် နေရာတွင် အဆိုပါ ကားတိုက်မှု ဖြစ်ပွားခဲ့ကြောင်း Tha Chana ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ ထိုနေရာသို့ ရောက်ရှိချိန်တွင် ဘန်ကောက်နံပါတ်ပြား တပ်ဆင်ထားသည့် Toyota Fortuner SUV ကားမှာ ဆိုးရွားစွာ ပျက်စီးနေသည်ကို တွေ့ရသည်။ 

ထိုကား၏ ရှေ့ပိုင်းက (၂၂) ဘီး နောက်တွဲကုန်တင်ကား၏ အနောက်ဘက်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ထားပုံရသည်။ 

Fortuner ကားပေါ်တွင် လိုက်ပါလာသူတစ်ဦး သေဆုံးခဲ့ပြီး အခြား (၆) ဦးမှာ ဒဏ်ရာရကာ ကားအတွင်း ပိတ်မိနေခဲ့ကြသည်ဟု ဆိုသည်။

ကယ်ဆယ်သမားများကို ၎င်းတို့ကို ကားအပျက်အစီးထဲမှ ကယ်ထုတ်ပေးခဲ့ပြီး ကားမောင်းသူမှာ ထွက်ပြေးသွားခဲ့သည်။

 ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ အဆိုပါကားမှာ ရနောင်းပြည်နယ်မှ ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများကို ခေါ်ဆောင်သွားလေ့ရှိသည်။

ထွက်ပြေးသွားသည့် ကားမောင်းသူမှာ ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး ကားမောင်းနေစဥ် အိပ်ငိုက်သွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ 

ကားတိုက်မှုအတွင်း ဒဏ်ရာရခဲ့သည့် မြန်မာနိုင်ငံသား (၆) ဦးကို လူဝင်ကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး နေရပ်ပြန်ပို့သွားမည်ဟု သိရသည်။

Source: Bangkok Post