မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးက စိတ်ပျက်စရာဟုဆို

Photo: Galih Pradipta/Pool
Photo: Galih Pradipta/Pool
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးက စိတ်ပျက်စရာဟုဆို
အောက်တိုဘာ 28, 2022 | 2021 Military Coup| နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံအရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို အောက်တိုဘာလ (၂၇) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းစစ်အုပ်စုက အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့် ငြိမ်းချမ်းရေးဘုံသဘောတူညီချက် (၅) ချက်အစား အခြား အစီအစဥ်တစ်ခု ရှိလာနိုင်မည့် အရိပ်အယောင် မတွေ့ရဟု ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးဘုံ သဘောတူညီချက်များကို လွန်ခဲ့သည့် (၁၈) လက မြန်မာစစ်အုပ်စုနှင့် သဘောတူညီချက်ရရှိခဲ့သော်လည်း အကောင်အထည်ဖော်ရန် ပျက်ကွက်နေခြင်းကို နိုင်ငံအချို့က စိုးရိမ်ပူပန်မှုများ မြင့်တက်နေခဲ့သည်။ 

သို့သော် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံကမူ ဘုံသဘောတူညီချက်များ၏ အရေးပါမှုနှင့် သက်ဆိုင်မှုကို နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ထပ်လောင်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတွင် ဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက်စွဲကိုင်ထားမည်ဟု အာဆီယံ Association of Southeast Asian Nations (ASEAN) က ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

ရပ်တန့်နေသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအစီအစဥ်ကို ဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အထူးအစည်းအ‌ဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ခြင်းမရှိပေ။

နိုဝင်ဘာလတွင် ပြုလုပ်သွားမည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာ့အရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ‌ဝေးကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ စိတ်ပျက်စရာဖြစ်ကြောင်းနှင့် မြန်မာစစ်အုပ်စုကို ပူးပေါင်းဆောင်ရွက်ရန် အနည်းငယ်မျှသာ ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

"အစည်းအဝေးက အာဆီယံနိုင်ငံတွေကြားမှာ ဘုံရပ်တည်ချက် မရှိဘူးဆိုတာ ထင်ဟပ်နေပါတယ်။ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ သူတို့တွေကြား အုပ်စုကွဲနေတယ်" ဟု ဂျကာတာမြို့ရှိ Centre for Strategic and International Studies မှ Liina Alexandra က သုံးသပ်သည်။ 

ထို့အတူ လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူမည့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု မရှိဖြစ်နေခြင်းကို နိုင်ငံခြားရေးဝန်ကြီးများက စိုးရိမ်ပူပန်ကြောင်းနှင့် စိတ်ပျက်ကြောင်း ပြောခဲ့ကြသည်ဟု ဆိုသည်။

Source: Reuters