အိမ်မွေးခွေးကို တိုက်ခန်း ပိုင်ဆိုင်ခွင့် လွှဲပြောင်းမှုကိစ္စ  ဆောင်ရွက်ပေးခဲ့သည့် အိမ်ခြံမြေအကျိုးဆောင် အဖမ်းခံရ

အိမ်မွေးခွေးကို တိုက်ခန်း ပိုင်ဆိုင်ခွင့် လွှဲပြောင်းမှုကိစ္စ  ဆောင်ရွက်ပေးခဲ့သည့် အိမ်ခြံမြေအကျိုးဆောင် အဖမ်းခံရ
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 အီရန်နိုင်ငံတွင် အမွေဆက်ခံသူ မရှိသော စုံတွဲတစ်တွဲက ၎င်းတို့ ပိုင်ဆိုင်သည့် တိုက်ခန်းကို ၎င်းတို့၏ အိမ်မွေးခွေးအား ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးရာ၌ ကူညီပေးခဲ့သူ အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် အကျိုးဆောင်တစ်ဦး မကြာသေးမီက အဖမ်းခံခဲ့ရသည်။

 အမည်မဖော်ပြသည့်   အီရန် အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် အမျိုးသားမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း အဖမ်းခံခဲ့ရပြီး ၎င်း၏ အိမ်ခြံမြေလုပ်ငန်းလည်း ပိတ်သိမ်းခဲ့ရသည်။

အဆိုပါ အိမ်ခြံမြေအကျိုးဆောင်က အထူးအဆန်းဖြစ်နေသည့် တိုက်ခန်းပိုင်ဆိုင်ခွင့် လွှဲပြောင်းမှုကိစ္စ ဆောင်ရွက်ပေးနေသည်ကို မှတ်တမ်းတင်ထားသော ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ် ပျံ့နှံခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ 

ထိုဗီဒီယိုတွင် အိမ်ခြံမြေအကျိုးဆောင် အမျိုးသားက စာရွက်စာတမ်းများ ပြင်ဆင်နေသည်ကို တွေ့ရပြီးနောက် လူသားစုံတွဲတစ်တွဲက ထိုစာရွက်စာတမ်းများကို လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက် ၎င်းတို့၏ အိမ်မွေးခွေး ချက်စတာ (Chester) ၏ လက်ဖဝါးပေါ်တွင်လည်း မှင်အနည်းငယ်သုတ်လိမ်းပေးကာ ခွေးလက်မှတ်အဖြစ် စာရွက်စာတမ်းများပေါ်တွင် ဖိနှိပ်ခဲ့သည်။ 

စာရွက်စာတမ်းများ လက်မှတ်ရေးထိုးအပြီးတွင် အိမ်ခြံမြေအအကျိုးဆောင်က တိုက်ခန်းကို အိမ်မွေးခွေး ချက်စတာက အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရပြီဖြစ်ကြောင်း ရှင်းလင်းပြောပြနေသည်ကို ဗီဒီယိုတွင် ကြားရပြီး ခွေးပိုင်ရှင်စုံတွဲက ၎င်းတို့၏ ခွေးလေးကို ပွေ့ဖက်ဂုဏ်ပြုနေသည်ကိုလည်း တွေ့ရသည်။

အိမ်မွေးခွေးကို အမွေဆက်ခံစေပြီး တိုက်ခန်းပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးသည့် မှတ်တမ်းဗီဒီယိုမှာ အီရန်တွင် ဩဂုတ်လ (၁၈) ရက်နေ့မှစ၍ ပျံ့နှံ့နေခဲ့ပြီး လူအများကြား အထူးအဆန်းအဖြစ် မျှဝေပြောဆိုနေခဲ့ကြသည်။ 

သို့သော် အီရန်အာဏာပိုင်များကမူ ထိုလုပ်ရပ်ကို လက်မခံခဲ့ကြဘဲ ဩဂုတ်လ (၂၀) ရက်နေ့တွင် အိမ်ခြံမြေအကျိုးဆောင်ကို ဖမ်းဆီးခဲ့ပြီး ၎င်း၏လုပ်ငန်းကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ၏ ရှေးရိုးစွဲ ဘာသာရေးခေါင်းဆောင်များက ခွေးများမှာ မသန့်ကြောင်း ရှုမြင်ထားခြင်းကြောင့် ခွေးမွေးမြူခြင်းကို မနှစ်သက်ကြရာ အိမ်ခြံမြေလုပ်ငန်းရှင်၏ ယခုလုပ်ရပ်က ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း ရှုမြင်ကြသည်။ 

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မြို့တွင်လည်း အများပြည်သူနှင့်ဆိုင်သော နေရာများသို့ ခွေးများ ခေါ်လာခွင့်မပြုဘဲ တားမြစ်ထားသည်။ 

အီရန်အာဏာပိုင်များက ပြည်သူများ၏ ခွေးများကို သိမ်းယူသည့်အချိန်တစ်ခုပင် ရှိခဲ့ဖူးကြောင်း သိရသည်။

#TachileikNewsAgency

Source: opindia