အမေရိကတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး တောင်အမေရိကတွင် အများဆုံး မြင့်တက်နေ

Photo: EUTERS/Agustin Marcarian
Photo: EUTERS/Agustin Marcarian
အမေရိကတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး တောင်အမေရိကတွင် အများဆုံး မြင့်တက်နေ
By Mr John

အမေရိကတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း COVID-19 ကူးစက်မှုများ ယခင်တစ်ပတ်ကထက် (၁၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ကူးစက်မှု (၁.၂) သန်းနှင့် သေဆုံးသူဦးရေ (၄,၀၆၉) ဦးရှိခဲ့ကြောင်း ပန်အမေရိကန်ကျန်းမာရေးအဖွဲ့အစည်း Pan American Health Organization (PAHO) က ဇွန်လ (၁၅) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တောင်အမေရိကတွင် ကူးစက်မှု အများဆုံး မြင့်တက်မှုအဖြစ် (၂၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကတိုက် အလယ်ပိုင်းတွင်မူ ကူးစက်မှုအသစ်နှင့် သေဆုံးမှုများ (၃၂) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း PAHO က ဆိုသည်။ 

PAHO ၏ ဇွန်လ (၁) ရက်နေ့က နောက်ဆုံးအစီရင်ခံစာတွင်မူ အမေရိကတိုက် အလယ်ပိုင်းတွင်မူ COVID-19 နှင့် ဆက်နွယ်သည့် သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့သည်။ 

အမေရိကန်နိုင်ငံတွင်လည်း COVID-19 ကူးစက်ခံရပြီး ဆေးရုံတက်ရမှု (၂) ရာခိုင်နှုန်းနှင့် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် တက်ရောက်ကုသရမှု (၄.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး (၇) ပတ်ဆက်တိုက် မြင့်တက်နေခြင်းလည်း ဖြစ်သည်။

မက္ကစီကိုနိုင်ငံတွင် ကူးစက်မှု ၃၁,၀၀၀ တွေ့ခဲ့ရပြီး (၇၁) ရာခိုင်နှုန်း မြင့်တက်မှုဖြစ်ကြောင်း PAHO ညွှန်ကြားရေးမှူး ဒေါက်တာ Carissa Etienne က ပြောခဲ့သည်။ 

ကာရေဘီယန်ဒေသတွင်မူ ကူးစက်မှု (၃.၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သေဆုံးမှု (၁၉) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။ 

အမေရိကတိုက်ရှိ နိုင်ငံနှင့် နယ်မြေဒေသ (၂၂) ထံမှ အချက်အလက်များအရ နိုင်ငံ (၉) ခုတွင် COVID-19 ကြောင့် ဆေးရုံတက်ရမှု တိုးလာကြောင်း Etienne က ပြောသည်။

အမေရိကရှိ နိုင်ငံနှင့် နယ်မြေဒေသ (၃၄) ခုအနက် (၁၅) ခုတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း COVID-19 ကူးစက်မှုကြောင့် ဆေးရုံတက်ရမှု မြင့်တက်ခဲ့ပြီး (၁၀) ခုတွင် ICU ၌ ကုသရမှုများ မြင့်တက်ခဲ့ကြောင်း သူကမ ဆိုသည်။ 

"အမေရိကမှာ လူအများစုက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားကြပြီး ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုကို ပိုမိုကာကွယ်ထားတာကြောင့် ကျွန်မတို့ရဲ့ ကျန်းမာရေးစနစ်က နိုင်နိုင်နင်းနင်း ဆောင်ရွက်နေနိုင်ပါတယ်။ ဒါပေမဲ့ လူအများကြီး ကာကွယ်ဆေးထိုးဖို့ ကျန်နေသေးပြီး သူတို့တွေက COVID-19 ကြောင့် ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ပိုကြီးပါတယ်" ဟု Etienne က ပြောခဲ့သည်။

Source: Reuters