တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)သို့ သွားရာလမ်းတွင် မြေပြိုကာ လမ်းပျက်စီးမှုများဖြစ်ပေါ်နေ၍ လတ်တလောအခြေအနေအရ ကျောက်တောင်သုသာန်ဟောင်းတွင် နာရေးကိစ္စရပ်များ အဆင်ပြေသလိုသာ ဆောင်ရွက်ကြရန် အသိပေး မေတ္တာရပ်ခံ

တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)သို့ သွားရာလမ်းတွင် မြေပြိုကာ လမ်းပျက်စီးမှုများဖြစ်ပေါ်နေ၍ လတ်တလောအခြေအနေအရ ကျောက်တောင်သုသာန်ဟောင်းတွင် နာရေးကိစ္စရပ်များ အဆင်ပြေသလိုသာ ဆောင်ရွက်ကြရန် အသိပေး မေတ္တာရပ်ခံ
သြဂုတ် 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လမ်းပျက်စီးမှုနှင့်အတူ မြေပြိုမှုအချို့ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရသလို တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)သို့ သွားရာလမ်းလည်း ပျက်စီးမှုများ ဖြစ်ပေါ်နေ၍  သင်္ဂြိုဟ်မှုကို လက်ရှိ အခြေအနေအရ ကျောက်တောင်သုသာန်တွင် အဆင်ပြေသလို ဆောင်ရွက်ကြရန် တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကြီးကြပ်မှုကော်မတီက ဩဂုတ်လ(၁၃)ရက်နေ့တွင် အသိပေး မေတ္တာရပ်ခံထားသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် ရေစီးများကြောင့် တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)သို့ သွားရာ တောင်တက်ကားလမ်းမှာ မြေပြိုကျမှုများ ဆိုးရွားစွာ ဖြစ်ပေါပြီး လမ်းမှာလည်း ပျက်စီးသွားသည့်အတွက် အဆိုပါ လမ်းကို တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကြီးကြပ်မှုကော်မတီက အမြန်ဆုံး ပြုပြင်သော်လည်း စက်ယန္တရားများ သွားလာရန် အဆင်မပြေဖြစ်နေရခြင်းကြောင့် ရာသီဥတု ကောင်းမွန်ပြီး နေပူသည့် အချိန်စောင့်ကာ  အဆိုပါ လမ်းကို ဆက်လက်ပြုပြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။



 

"ပိတ်ဆို့လျှက်ရှိသော လမ်းအား အမြန်ပြန်လည်ပြုပြင်ရေးဆောင်ရွက်ခဲ့သော်လည်း ရေကြီးရေလျှံမှုများကြောင့် စက်ယန္တရားများ သွားလာမရဖြစ်နေပါသဖြင့် ရေကျ နေပူသည်အထိ စောင့်ဆိုင်း၍ ပြန်လည်ပြုပြင်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများ၏ နာရေးကိစ္စများ ဖြစ်ပေါ်ခဲ့ပါက ပုန်းထွန်ကျောက်တောင်၌သာ အဆင်ပြေသလို သွားရောက်ဆောင်ရွက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ခင်ဗျာ"ဟု တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးစံသိန်းက အသိပေးထားခြင်း ဖြစ်သည်။