မိုင်းဖုန်းဆရာတော်စွန့်သည့်ပစ္စည်းများဟု လိမ်ညာရောင်းချနေမှုများကို သတိပြုကြရန် ဝေယျာဝစ္စ အကျိုးတော်ဆောင်အဖွဲ့ အသိပေး

မိုင်းဖုန်းဆရာတော်စွန့်သည့်ပစ္စည်းများဟု လိမ်ညာရောင်းချနေမှုများကို သတိပြုကြရန် ဝေယျာဝစ္စ အကျိုးတော်ဆောင်အဖွဲ့ အသိပေး
သြဂုတ် 5, 2021 | ရှမ်းရှေ့

မိုင်းဖုန်းဆရာတော်၏ ရုပ်ထုဆွဲပြား၊ လက်ပတ်ကြိုးစသည့် ပစ္စည်းများကို "ဆရာတော်ဘုရားကြီး ကိုယ်တိုင်စွန့်ပေးထားပါသည်" ဟုဆိုကာ နည်းလမ်းမျိုးစုံဖြင့် လိမ်ညာရောင်းချနေသည်ကို တွေ့နေရကြောင်း မိုင်းဖုန်းဆရာတော်၏ ဝေယျာဝစ္စ အကျိုးတော်ဆောင်အဖွဲ့က ၂၀၂၁ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် ထပ်မံ အသိပေးထားသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘဒ္ဒန္တဉာဏသံဝရ မိုင်းဖုန်းဆရာတော်ဘုရားသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့မှစတင်၍ မိုင်းဆတ်မြို့နယ်၊ မိုင်းကျက်ရွာရှိ တောင်ပေါ်ဂူထဲတွင် တစ်ပါးတည်း (၃) နှစ်အဓိဋ္ဌာန်ဝင်နေပြီး ဆရာတော်ထံ အလှူပစ္စည်းများကို လပြည့်၊ လကွယ်များတွင် ပို့ဆောင်ချိန်၌ ဆရာတော်စွန့်သောပစ္စည်းများကို ပြန်လည်ယူဆောင်ကြရခြင်းဖြစ်သည်ဟု ဝေယျာဝစ္စ အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

ဆရာတော်က ဘုရားရုပ်ပွားတော်များ၊ ဘုရား/စေတီပုံ ပန်းချီကားများ၊ ဆရာတော်ဘုရားရုပ်ထုများ၊ သင်္ကန်းများ၊ ပုတီးများ၊ လက်ပတ်ကြိုးများကို ဂူဝတွင်ချထားပြီး ပြန်လည် စွန့်ပစ်ရာ၌ အမည်ကိုပါ တစ်ပါတည်းရေးပေးလေ့ရှိပြီး ဆွဲပြား၊ ပုတီးနှင့် လက်ပတ်ကြိုးအချို့ကိုသာ အများသူငါကို ဖြန့်ဝေနိုင်ရန် စွန့်လေ့ရှိသည်ဟု သိရသည်။

အများသူငါအတွက် စွန့်ပေးသည့်ပစ္စည်းများမှာလည်း မိုင်းကျက်၊ မိုင်းဖုန်းဒေသရှိ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ဒကာ၊ ဒကာမများအတွက်သာ အနည်းငယ်ရလေ့ရှိပြီး ပြန်လည်ရောင်းချသူလည်းမရှိသည့်အပြင် ရောင်းချနိုင်သည့်အရေအတွက်လည်းမရှိကြောင်း သိရသည်။

ဈေးကွက်တွင် ရောင်းချနေကြသည့် လက်ပတ်ကြိုးများမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများရှိ ဘုန်းကြီးကျောင်းများတွင် ကျောင်းသို့လာသည့် ဧည့်သည်များကို လက်ချည်ပေးသည့်ဓလေ့အတွက် အသုံးပြုကြသဖြင့် ဈေးကွက်တွင် ဝယ်ယူရရှိနိုင်ရာ မိုင်ဖုန်းဆရာတော်စွန့်သည့်လက်ပတ်ဟုဆိုကာ လိမ်ညာရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency