COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများက မိမိတို့ အစီအစဉ်ဖြင့် အဝင်အထွက် ကန့်သတ်

COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများက မိမိတို့ အစီအစဉ်ဖြင့် အဝင်အထွက် ကန့်သတ်
မတ် 30, 2020
By Tachileik News Agency
COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများက မိမိတို့ အစီအစဉ်ဖြင့် အဝင်အထွက် ကန့်သတ် 

COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများ မိမိအစီအစဉ်ဖြင့် လူအဝင်အထွက် ကန့်သတ်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့က စတင်ဆောင်ရွက်နေပြီး ပြည်နယ်အစိုးရက ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

“သူတို့ အစီအစဉ်နဲ့သူတို့ လုပ်ကြတာ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရယ်၊ ရပ်မိရပ်ဖတွေရယ်၊ ဒေသခံပြည်သူတွေ ပူးပေါင်းပြီးတော့ သူတို့ဘာသာ လုပ်ကြတာ။ သူတို့ရွာထဲလည်း အဝင်မခံနိုင်ဘူး။ သူတို့လည်း မထွက်ဘူးပေါ့။ အဲဒီလိုလုပ်တာကို ရှမ်းပြည်နယ်အစိုးရကလည်း လက်ခံတယ်။ ကျွန်တော် တင်ပြထားပြီးသား။ သူတို့ရွာ ရောဂါကူးစက်မခံရအောင် လုပ်ကြတာပေါ့။ သူတို့ကျေးရွာအလိုက် ကော်မတီ ဖွဲ့ထားတယ်။  ကော်မတီကပဲ အပြင်ထွက်ဝယ်တယ်။ ပြန်ဝင်တယ်။ တစ်ခြားသူပေးမဝင်ဘူး။ သူတို့လည်း မထွက်ဘူး။   ရွာအဝင်အထွက်တံခါးတွေကိုလည်း  ပိတ်ထားပြီး ညတွေဆိုလည်း ကင်းလှည့်တယ်။ တစ်မြို့နယ်လုံးနီးပါးပဲ။ မနေ့ကစဝင်တဲ့စာရင်းအရဆိုရင် ရွာပေါင်း (၄၄)ရွာ အခုထိလည်း ထပ်တိုးနေတုန်းပဲ”ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 (ကိုရိုနာဗိုင်းရပ်စ်)ပိုး သယ်ဆောင်သူနှင့် ထိတွေ့မိရာမှ ရောဂါအလွယ်တကူ ကူးစက်နိုင်သဖြင့် ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်ခြင်းကို ကျေးရွာများအလိုက် ကော်မတီများဖွဲ့၍ လုပ်ဆောင်နေကြကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြထားခြင်းဖြစ်သည်ဟု သိရသည်။

တာချီလိတ်ပြည်သူ့ဆေးရုံတွင် မတ်လ (၃၀)ရက်နေ့ နေ့လယ်ပိုင်းအထိ ဓါတ်ခွဲအဖြေစောင့်နေသည့် စောင့်ကြည့်လူနာ (၃)ဦးရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၁၀)ဦးရှိနေခြင်းဖြစ်သည်။

တာချီလိတ်နှင့် နယ်နမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံဘက်တွင် မတ်လ (၃၀)ရက်နေ့အထိ အတည်ပြုလူနာ (၁၅၂၄)ဦးရှိသွားပြီး လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၈)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်
ဓါတ်ပုံ - taninlong.thicil


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~