မြန်မာနိုင်ငံတွင်လည်း လူသိများသည့် J&J ကလေးပေါင်ဒါ ရောင်းချမှုများ ရပ်ဆိုင်းတော့မည်

Photo: REUTERS/Lucas Jackson
Photo: REUTERS/Lucas Jackson
မြန်မာနိုင်ငံတွင်လည်း လူသိများသည့် J&J ကလေးပေါင်ဒါ ရောင်းချမှုများ ရပ်ဆိုင်းတော့မည်
သြဂုတ် 13, 2022 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံတွင်လည်း လူသိများသည့် ကလေးသုံး ကိုယ်လိမ်းပေါင်ဒါ အမှတ်တံဆိပ်တစ်မျိုးဖြစ်သည့် Johnson & Johnson (J&J) ကို လာမည့် ၂၀၂၃ ခုနှစ်ကစပြီး ကမ္ဘာတဝန်း ရောင်းချမှုများ ရပ်ဆိုင်းတော့မည်ဟု အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီက ဩဂုတ်လ (၁၁) ရက်နေ့တွင် ထုတ်ပြန်ပြောကြားသည်။ 

အဆိုပါ ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ အသုံးပြုသူ ဘေးကင်းလုံခြုံမှုဆိုင်ရာ တရားစွဲဆိုမှုများ ထောင်နှင့်ချီ ရှိခဲ့ပြီး အမေရိကန်တွင် လွန်ခဲ့သည့် (၂) နှစ်က ရောင်းချမှုများ ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။

ရောင်းအားကျဆင်းမှုကြောင့် ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ၎င်း၏ ကလေးသုံး ကိုယ်လိမ်းပေါင်ဒါ ရောင်းချမှုများကို ရပ်ဆိုင်းမည်ဟု J&J က ကြေညာခဲ့သည်။ 

ထုတ်ကုန်၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ သတင်းအချက်အလက် အမှားများကြောင့် တရားစွဲဆိုမှုများရှိလာပြီး ရောင်းအားကျဆင်းခဲ့သည်ဟု J&J က ဆိုသည်။

J&J ကုမ္ပဏီမှာ ၎င်း၏ ကလေးသုံး ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ အသုံးပြုသူများထံမှ တရားစွဲဆိုမှုပေါင်း (၃၈,၀၀၀) ခန့်ကို ရင်ဆိုင်နေရပြီး တရားစွဲသူများက အဆိုပါ ကိုယ်လိမ်းပေါင်ဒါများတွင် ကျောက်ဂွမ်းမှုန့် ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်စေကြောင်း ပြောဆိုကြသည်။ 

J&J ကမူ ထိုစွပ်စွဲမှုများကို ငြင်းဆိုထားပြီး ဆယ်စုနှစ်များကြာ သိပ္ပံဆိုင်ရာစမ်းသပ်မှုနှင့် အတည်ပြုချက်များက ၎င်းတို့၏ထုတ်ကုန် ကလေးသုံး ကိုယ်လိမ်းပေါင်ဒါမှာ ဘေးကင်းစိတ်ချရပြီး ကျောက်ဂွမ်းမှုန့် ပါဝင်ခြင်းမရှိဟု ဆိုသည်။

Johnson & Johnson ကလေးသုံး ကိုယ်လိမ်းပေါင်ဒါကို ၁၈၉၄ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီ၏ ပထမဆုံး ကလေးသုံးထုတ်ကုန်လည်း ဖြစ်သည်။ 

ထိုအမှတ်တံဆိပ်က ကုမ္ပဏီ၏ ကမ္ဘာတဝန်း ထင်ရှားကျော်ကြားသည့် ပုံရိပ်တစ်ခုအဖြစ်လည်း ရပ်တည်ခဲ့သည်။

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် New Brunswick မြို့တွင် ရုံးချုပ်တည်ရှိသည့် J&J ကို ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီသက်တမ်း (၁၃၆) နှစ်ရှိပြီဖြစ်သည်။ 

၂၀၂၁ ခုနှစ် စာရင်းများအရ J&J ကုမ္ပဏီတွင် ဝန်ထမ်းစုစုပေါင်း (၁၄၀,၀၀၀) ကျော်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Source: Reuters