ဆိုးလ်မြို့လယ် ဟောလိုးဝင်းပွဲတော် လူအုပ်စုလဲပြိုမှုနှင့် ပတ်သက်၍  ရထူးက ဆိုင်းငံ့ခံရပြီး စုံစမ်းစစ်ဆေး ခံနေရသည့် ရဲအရာရှိတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွား

ဆိုးလ်မြို့လယ် ဟောလိုးဝင်းပွဲတော် လူအုပ်စုလဲပြိုမှုနှင့် ပတ်သက်၍  ရထူးက ဆိုင်းငံ့ခံရပြီး စုံစမ်းစစ်ဆေး ခံနေရသည့် ရဲအရာရှိတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွား
နိုဝင်ဘာ 12, 2022 | နိုင်ငံတကာသတင်း
By Mr John

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ဟောလိုးဝင်းပွဲတော် လူအုပ်စုလဲပြိုမှု ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရသည့် ရဲအရာရှိတစ်ဦးကို ၎င်း၏ နေအိမ်တွင် သေဆုံးလျက်သားတွေ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ် သံသယရှိရသည်။ 

ထိုရဲအရာရှိမှာ အသက် (၅၅) နှစ်အရွယ် စစ်ဆေးရေးအရာရှိ Jeong ဖြစ်ပြီး ၎င်းက ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့်အတူ ထောက်လှမ်းရေးအရာရှိအဖြစ် လုပ်ကိုင်နေသူဟု သိရသည်။

လူငယ်အများစု အပါအဝင် လူ (၁၅၆) ဦး သေဆုံးပြီး (၁၉၆) ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဆိုးလ်မြို့လယ် ဟောလိုးဝင်းပွဲတော် လူအုပ်စုလဲပြိုမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ တုံပြန်ဆောင်ရွက်မှုအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး Jeong မှာလည်း သံသယရှိသူတစ်ဦး ဖြစ်ခဲ့သည်။ 

ရဲတပ်ဖွဲ့၏ ပျက်ကွက်မှုများကို ဖုံးကွယ်ထားခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် ၎င်းကို နိုဝင်ဘာလ (၉) ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့ခဲ့သည်။

Jeong က လုပ်ဖော်ကိုင်ဖက်များကို ဟောလိုးဝင်းပွဲတော် မတိုင်မီ ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို ဖျက်ပစ်ရန် ညွှန်ကြားခဲ့သည်ဟု စွပ်စွဲခံထားရသည်။ 

ထိုအစီရင်ခံစာတွင် ဟောလိုးဝင်းပွဲတော်အတွင်း စိုးရိမ်ရသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားနိုင်ခြေကို သတိပေးထားသည်ဟု ဆိုသည်။ 

ရဲအရာရှိ Jeong ကို နိုဝင်ဘာလ (၁၁) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်က ဆိုးလ်မြို့ မြောက်ပိုင်းရှိ ၎င်း၏နေအိမ်တွင် သေဆုံးလျက်သား မိသားစုဝင်တစ်ဦးက တွေ့ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ဘားဆိုင်များ၊ နိုက်ကလပ်များ လူစည်ကားလေ့ရှိသည့် ဆိုးလ်မြို့လယ် Itaewon ခရိုင်တွင် အောက်တိုဘာလ (၂၉) ရက် ညပိုင်းက ဟောလိုးဝင်းပွဲတော် ကျင်းပခဲ့သည်။ 

COVID-19 ကပ်ရောဂါကြောင့် ပွဲကျင်းပမှုများ ပိတ်ပင်ထားခဲ့ရာမှ ပထမဆုံး ပြန်လည်ကျင်းပသည့် ဟောလိုးဝင်းပွဲတော်လည်း ဖြစ်ခဲ့ပြီး လူ (၁၀၀,၀၀၀) ကျော် လာရောက်ခဲ့ကြသည်ဟု ဆိုသည်။ 

ထိုပွဲတော်အတွင်း လမ်းကြိုးလမ်းကြားတစ်ခုတွင် ဒေသစံတော်ချိန် အောက်တိုဘာလ (၂၉) ရက် ညဥ့်နက်ပိုင်းအချိန်က လူအုပ်စုလဲပြိုမှု ဖြစ်ပွားခဲ့သည်။

ဆိုးလ်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှု ဖြစ်ရပ်တွင် ရဲတပ်ဖွဲ့က လုံလောက်သည့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုမရှိခဲ့ကြောင်း တောင်ကိုရီးယားရဲချုပ် Yoon Hee-keun က နိုဝင်ဘာလ (၁) ရက်နေ့တွင် ဝန်ခံခဲ့သည်။ 

ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုမှု မဖြစ်ပွားမီ ဆိုးလ်မြို့ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်သို့ ဆက်သွယ်ခေါ်ဆိုမှု အများအပြားရှိခဲ့ပြီး လူအုပ်စုအခြေအနေကို သတိပေးခဲ့သော်လည်း ရဲတပ်ဖွဲ့က တုံ့ပြန်ဆောင်ရွက်မှုမရှိခဲ့ကြောင်း ရဲချုပ်က ပြောသည်။



လူအုပ်စုလဲပြိုမှု ဖြစ်ရပ်မတိုင်မီ နာရီပိုင်းအလို အောက်တိုဘာလ (၂၉) ရက် ညနေ (၆) နာရီ (၃၄) မိနစ်တွင် အရေးပေါ်ဖုန်းနံပါတ်သို့ ပထမဆုံး ဆက်သွယ်ခေါ်ဆိုမှုရှိခဲ့သည်။ 

ထို့အပြင် နောက် (၃) နာရီခွဲအတွင်း ဟောလိုးဝင်းပွဲတော် လူအုပ်စုအခြေအနေကို သတိပေးသည့် ဖုန်းဆက်သွယ်ခေါ်ဆိုမှု (၁၀) ကြိမ်ရှိခဲ့ကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့ တုံ့ပြန်ဆောင်ရွက်မှုမှာ စိတ်ပျက်စရာဖြစ်ခဲ့ကြောင်း ရဲချုပ်က ဝန်ခံခဲ့သည်။

 ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပြီးနောက် ရဲအရာရှိများ၏ တုံ့ပြန်ဆောင်ရွက်မှု မည်သို့ရှိခဲ့သည်ကို လျင်လျင်မြန်မြန်နှင့် အပြင်းအထန် စုံစမ်းစစ်ဆေးသွားမည်ဟု ရဲချုပ် Yoon Hee-keun က ပြောထားသည်။

Source: BBC