လေယာဥ်မှူးများ အိပ်ပျော်သွားမှုကြောင့် အီသီယိုးပီးယားလေယာဥ်  ဆင်းသက်ရန် ကျော်လွန်သွား 

လေယာဥ်မှူးများ အိပ်ပျော်သွားမှုကြောင့် အီသီယိုးပီးယားလေယာဥ်  ဆင်းသက်ရန် ကျော်လွန်သွား 
သြဂုတ် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဆူဒန်နိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသို့ ဩဂုတ်လ (၁၅) ရက်နေ့က ပျံသန်းလာသည့် ခရီးသည်တင်လေယာဥ်၏ လေယာဥ်မှူး (၂) ဦး အိပ်ပျော်နေခဲ့သည်ဟု ယူဆရပြီး လေယာဥ်သို့ဆင်းသက်ရန် ကျော်လွန်သွားခဲ့သည်ဟု ဆိုသည်။ 

အီသီယိုးပီးယားလေကြောင်းလိုင်း၏ Boeing 737-800 လေယာဥ် Khartoum မြို့မှ Addis Ababa မြို့သို့ ပျံသန်းလာစဥ် လေယာဥ်မှူးများ အိပ်ပျော်သွားခဲ့ကြောင်း စီးပွားဖြစ်လေကြောင်းပျံသန်းမှုဆိုင်ရာ သတင်းဝက်ဘ်ဆိုက် Aviation Herald က ဖော်ပြသည်။

ထိုဝက်ဘ်ဆိုက်က ရရှိခဲ့သည့် အချက်အလက်များအရ လေယာဥ်မှာ Addis Ababa Bole အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် အမြင့်ပေလျှော့ချရမည့်အချိန်တွင် အမြင့်ပေ (၃၇,၀၀၀) တွင် အလိုအလျောက်မောင်းနှင်စနစ် (autopiolt) ဖြင့် ပျံသန်းနေခဲ့သည်ဟု ဆိုသည်။ 

လေကြောင်းထိန်းသိမ်းရေးက လေယာဥ်မှူးများကို ဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

သို့သော် လေယာဥ်က ပြေးလမ်းနေရာကို ကျော်လွန်သွားပြီး ဆက်လက် ပျံသန်းသွားစဥ် လေယာဥ်မှူးများ သတိပြုမိသွားခဲ့ကြသည်ဟု ဆိုသည်။

 ထိုနောက်ပိုင်းတွင် လေယာဥ်က အမြင့်ပေ စတင်လျှော့ချလာခဲ့ပြီးနောက် (၂၅) မိနစ်ခန့်အကြာတွင် ဘေးကင်းစွာဖြင့် လေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။

 Automatic Dependent Surveillance-Broadcast (ADS-B) ၏ အချက်အလက်များအရ ထိုလေယာဥ်မှ လေဆိပ်သို့ မဆင်းသက်မီ လေဆိပ်ပြေးလမ်းကို ကျော်လွန်ပျံသန်းသွားခဲ့သည်ဟု ဆိုသည်။

လေကြောင်းပျံသန်းမှုဆိုင်ရာ လေ့လာဆန်းစစ်သူ Alex Macheras က ထိုဖြစ်ရပ်အပေါ် အလွန်စိုးရိမ်ပူပန်မီကြောင်းနှင့် လေယာဥ်မှူးများ ပင်ပန်းနွမ်းနယ်မှုကြောင့် ယခုလိုဖြစ်ရခြင်းဖြစ်ကြောင်း Twitter တွင် ပြောခဲ့သည်။ 

"လေယာဥ်မှူးတွေ ပင်ပန်းတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ လေကြောင်းဘေးကင်းလုံခြုံရေးအတွက် သိသာတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေတယ်" ဟု ၎င်းက ဩဂုတ်လ (၁၇) ရက်နေ့တွင် Twitter ၌ ရေးသားထားသည်။

Source: CNN