တိရစ္ဆာန်ချစ်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လာအပြီး (၁၅)ရက်မြောက်တွင် တာချီလိတ်မြို့ လွယ်ယွန်းခမ်းစေတီဝန်းထဲက တိရစ္ဆာန်များကို သဘာဝထိန်းသိမ်းရေးနယ်မြေသို့ စတင်ပြောင်းရွှေ့

တိရစ္ဆာန်ချစ်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လာအပြီး (၁၅)ရက်မြောက်တွင် တာချီလိတ်မြို့ လွယ်ယွန်းခမ်းစေတီဝန်းထဲက တိရစ္ဆာန်များကို သဘာဝထိန်းသိမ်းရေးနယ်မြေသို့ စတင်ပြောင်းရွှေ့
မတ် 10, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းဖုန်းဆရာတော်၏ သာသနာနယ်မြေဖြစ်သည့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ  လွယ်ယွန်းခမ်း စေတီတော်ဝန်းအတွင်း တိရစ္ဆာန်ဥယျာဉ်သဖွယ် ထားရှိသည့် လှောင်အိမ်များထဲက တိရစ္ဆာန်များနှင့် ဝေဖန်မှုများထွက်ပေါ်လာအပြီး (၁၅)ရက်မြောက်တွင် တိရစ္ဆာန်များကို ပါဆာသဘာဝထိန်းသိမ်းရေးနယ်မြေသို့ ၂၀၂၃ခုနှစ် မတ်လ(၁၀)ရက်နေ့က စပြီး ပို့ဆောင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။



မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ဧရိယာ စုစုပေါင်း ( ၁၈၉၁၀.၃၆ )ဧကရှိသည့် ပါဆာသဘာဝထိန်းသိမ်းရေးနယ်မြေသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ တိရစ္ဆာန်ဆေးကုသရေးနှင့်မွေးမြူရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ နှင့် ဂေါပကအဖွဲ့များ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းက ယနေ့ မတ်လ(၁၀)ရက်နေ့ကနေ စပြီး မတ်လ(၁၁)ရက်နေ့အထိ ရွှေ့ပြောင်းနေကြောင်း သိရသည်။

"မြွေက (၃)ကောင်ရှိတယ်။ ရှမ်းအမျိုးသားတစ်ဦးတော့ မြွေကိုက်ခံရသေးတယ်။ ဝက်ဝံကတော့ (၆/၇)ယောက် ချုပ်ပြီးဖမ်းတာမရလို့ နက်ဖြန်မှ ဖမ်းပို့ရမဲ့ အခြေအနေရှိနေတယ်။ "ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

 ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ပုံ

အဆိုပါ တိရစ္ဆာန်များအနက် တောရိုင်းတိရစ္ဆာန်များကို ပါဆာသဘာဝထိန်းသိမ်းရေးနယ်မြေသို့ ရွေ့ပြောင်းပေးနေပြီး အချို့ တိရစ္ဆာန်အကောင်ငယ်များကိုတော့ လွယ်ယွန်းခမ်းတွင် ကောင်းမွန်စွာ ဆက်လက်ထားရှိမည်ဟုလည်း သိရသည်။

လွယ်ယွန်းခမ်း စေတီတော်ဝန်းအတွင်း  ဝက်ဝံ၊ ကြောင်ဝံပိုက်၊ ဖွတ်၊ ခွေးအ၊ စပါးကြီးမြွေ၊ လင်းယုန်ငှက်၊ သိုး၊ ဒေါင်း မျောက်၊ ပူး နှင့် ယုန်တို့ကို ခပ်ကျဉ်းကျဉ်း လှောင်အိမ်များဖြင့် ထားရှိပြီး လှောင်အိမ်အတွင်း အနံ့အသက်များ မကောင်းခြင်း အမှိုက်များအကြား တိရစ္ဆာန်များ၏ ကျန်းမာရေး စိုးရိမ်နေရခြင်းများနှင့် ပတ်သက်၍ တာချီလိတ်မြို့မှ Facebook အသုံးပြုသူ တိရစ္ဆာန်ချစ်သူ အများစုက သက်ဆိုင်ရာ တာဝန်ရှိသူများ ကောင်းစွာစီမံဆောင်ရွက်နိုင်ရေးအတွက် မျှဝေဖော်ပြမှုများ ပြုလုပ်ခဲ့ကြပြီးနောက် (၁၅)ရက်အကြာတွင် ယခုလို ရွှေ့ပြောင်းပေးနေကြခြင်း ဖြစ်သည်။

 



လွယ်ယွန်းခမ်း စေတီတော်ဝန်းအတွင်း အဆိုပါ တိရစ္ဆာန်များကို လက်ခံထားရှိသည်မှာ (၃)နှစ်ဝန်းကျင်ရှိခဲ့ပြီး ယခုအခါမှာ အစပိုင်းကလို ကျန်းမာရေး နှင့် နေရာသန့်ရှင်းရေး အပါအဝင် အစားအစာများအတွက်ပါ လုံလောက်မှုမရှိတော့ဘဲ တိရစ္ဆာန်များမှာ ဖြစ်သလို နေကြရသည့် အခြေအနေ ဖြစ်ခဲ့သည်။

[ ဖော်ပြပါ ပုံများမှာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ပုံများ နှင့် မတ်လ(၁၀)ရက်နေ့တွင် ရွေ့ပြောင်းပေးနေသည့် ပုံများဖြစ်ပြီး အဆိုပါ ပုံများမှာ Facebook ပေါ်တွင် မျှဝေထားကြသည့် ပုံများ ဖြစ်သည် ]