မိုင်းဆတ်ခရိုင်အတွင်း ထိုင်းဘက်သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား (၃.၇၅)သန်းကို UWSA က ဖမ်းဆီးရမိ

မိုင်းဆတ်ခရိုင်အတွင်း ထိုင်းဘက်သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား (၃.၇၅)သန်းကို UWSA က ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်၊ မိုင်းဆတ်ခရိုင်အတွင်း လွယ်လန်းဒေသတွင် ထိုင်းနိုင်ငံဘက်သို့  မူးယစ်ဆေးဝါးများ ရောင်းဝယ် ပို့ဆောင်မည့် အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်  စိတ်ကြွရူးသွပ်ဆေးပြား (၃.၇၅)သန်း သိမ်းဆည်းရမိကြောင်း  "ဝ" တောင်ပိုင်း (၁၇၁)စစ်ဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မတ်လ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။



UWSA "ဝ" တောင်ပိုင်း (၁၇၁)စစ်ဒေသ၏ တပ်မဟာ (၅၁၈)သည် မူးယစ်ဆေးဝါး သတင်းအရ ၂၀၂၂ခုနှစ် မတ်လ(၂)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က  အရာရှိစစ်သည် အင်အား အများအပြားဖြင့် မြန်မာ - ထိုင်း နယ်နိမိတ်လုံခြုံရေး စည်းမျဉ်းများအတိုင်း ကင်းလှည့်ကာ လုံခြုံရေး လုပ်ဆောင်နေသည့် ဟွေဟာ မှ လွယ်လန်းနယ်မြေအတွင်းသို့ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ရောက်ရှိလာသည်ကို တွေ့ရှိ၍ ရပ်တန့်ခိုင်းသည်ကို လစ်လျှူရှူ ထိတ်လန့်နေကြချိန် ကင်းလှည့်တပ်ဖွဲ့က အော်ဟစ်သတိပေးရာမှ တဖက်က  ရပ်တန့်ခြင်းမရှိဘဲ ကင်းလှည့်အဖွဲ့ကို စတင်ပစ်ခတ်ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှုသည် မိနစ်အနည်းငယ်ကြာခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ် သယ်ဆောင်သူများသည် မူးယစ်ဆေးဝါးများကို ထားရစ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

UWSA၏ ကင်းလှည့်တပ်ဖွဲ့သည် ပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားအပြီးတွင် ရှာဖွေ စစ်ဆေးရာ  စိတ်ကြွရူးသွပ်ဆေးပြား (၃.၇၅)သန်း နှင့် Ak 47 ရိုင်ဖယ် (၁)လက်၊ ကျည်(၈)တောင့် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ဆိုင်ကယ် (၂)စီးတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ကင်းလှည့်တပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုနှင့်အတူ သိမ်းဆည်းရမိသည့် မူးယစ်ဆးဝါးများအရ သယ်ဆောင်လာသူများမှာ ခန့်မှန်းခြေ (၄၀)ဦးမှ (၅၀)ဦးအထိ ရှိနိုင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်သူများမှာလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်ဟု ယူဆရပြီး ၎င်းတို့အား လိုက်လံဖမ်းဆီးနိုင်ရန် အဆင်မပြေသည့်အတွက် မြန်မာ - ထိုင်း နယ်စပ်တလျှောက်တွင် ကင်းလှည့် ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်၊။