အမေရိကန်တွင် ထင်ရှားသည့် အလှကုန်လုပ်ငန်းရှင်တစ်ဦး၏ အမေရိကန်ဒေါ်လာ (၁၆)သန်းကျော်တန် စံအိမ်ကြီးကို မြန်မာနိုင်ငံမှ သရုပ်ဆောင် စမိုင်းလ်တို့စုံတွဲက ဝယ်ယူ 

အမေရိကန်တွင် ထင်ရှားသည့် အလှကုန်လုပ်ငန်းရှင်တစ်ဦး၏ အမေရိကန်ဒေါ်လာ (၁၆)သန်းကျော်တန် စံအိမ်ကြီးကို မြန်မာနိုင်ငံမှ သရုပ်ဆောင် စမိုင်းလ်တို့စုံတွဲက ဝယ်ယူ 
By Mr John

 အမေရိကန် မိတ်ကပ်ပညာရှင်၊ အလှကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သလို ထင်ရှားကျော်ကြားသည့် YouTuber တစ်ဦးဖြစ်သည့် Jeffree Star ၏ စံအိမ်ကြီးကို သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံက အမေရိကန်ဒေါ်လာ(၁၆)သန်းကျော်ဖြင့် ဝယ်ယူလိုက်သည့် သတင်းကို ကမ္ဘာ့သတင်းမီဒီယာတော်တော်များများက ဖော်ပြလာပြီးနောက် ဆိုရှယ်မီဒီယာအသုံးပြုသူ မြန်မာများအကြား စိတ်ဝင်စားစရာ သတင်းဖြစ်နေခဲ့သည်။

တောင်ကုန်းပေါ်ရှိ (၂.၈) ဧက မြေအကျယ်အဝန်းပေါ်တွင် တည်ဆောက်ထားသည့် Jeffree Star  ၏ စံအိမ်ကြီးမှာ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မြို့ရှိ အကြီးဆုံးနှင့် ခမ်းနားထည်ဝါမှုအရှိဆုံး နေအိမ်ဖြစ်ကြောင်း သိရသည်။ 

ထိုစံအိမ်ကြီးကို မူလက ဒေါ်လာ သန်း (၂၀) ဖြင့် ရောင်းချရန်မှန်းထားခဲ့သော်လည်း Jeffree Star က စံအိမ်ကြီးကို ဒေါ်လာ (၁၄.၆) သန်းဖြင့် ဝယ်ယူခဲ့ခြင်းမှာ (၃) နှစ် မပြည့်သေးရာ ယခုရောင်းဈေးမှာ ၎င်းအတွက် အဆင်ပြေသည့် ဈေးကောင်းရသည်ဟု ဆိုနိုင်သည်။

ထို့အပြင် The Real Deal ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ Jeffree Star က နောက်ဆုံးရောင်းဈေးကို ဒေါ်လာ (၁၅.၅) သန်းဟု ဆိုထားခဲ့ရာ စမိုင်းလ်တို့စုံတွဲ ဝယ်ယူလိုက်သည့် ဈေးနှုန်းက ပို၍ပင်များနေခဲ့သည်။ 

အရောင်းအဝယ်မှတ်တမ်း၏ ဝယ်ယူသူနေရာ၌ Pyae & Smile Maung ဟု ဖော်ပြထားသလို  စမိုင်း၏ instagram ကိုလည်း Smile Maung အမည်ဖြင့် ညွှန်းထားသည်ကိုလည်း တွေ့ရသည်။ 

စမိုင်းလ်တို့စုံတွဲ ဝယ်ယူလိုက်သည့် Jeffree Star ၏ စံအိမ်ကြီးကို ၂၀၀၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်းနှင့် စံအိမ်အကျယ်အဝန်း စတုရန်းပေ (၁၉,၅၄၉) ရှိပြီး အိပ်ခန်း (၇) ခန်းနှင့် ရေချိုးခန်း (၁၃) ခန်းပါဝင်ကြောင်း သိရသည်။

စမိုင်းလ်တို့စုံတွဲမှာ ယခင်က ကယ်လီဖိုးနီးယားပြည်နယ် Rancho Cucamonga မြို့တွင် ကာလရှည်ကြာ နေထိုင်ခဲ့ကြပြီး ထိုမြို့တွင် ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် ကျယ်ဝန်းသော နေအိမ်တစ်လုံးကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ 

မကြာသေးမီကလည်း စမိုင်းလ်တို့စုံတွဲက Beverly Hills ဧရိယာအတွင်း စံအိမ်တစ်လုံး ငှားရမ်းနေထိုင်ခဲ့သေးသည်ဟု ဆိုသည်။

ဂျက်ဖရီစတား

အမေရိကန်ဒေါ်လာ (၁၆.၇) သန်းဖြင့် ရောင်းချလိုက်သည့် ဂျက်ဖရီစတား ဆိုသူမှာ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် စွန့်ဦးတီထွင်သူ၊ မိတ်ကပ်ပညာရှင်နှင့် အဆိုတော်နှင့်တေးရေးဆရာဟောင်းတစ်ဦးဖြစ်ပြီး Jeffree Star Cosmetics အမည်ဖြင့် အလှကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေသူဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က ပထမဆုံးအကြိမ် အရောင်းစာရင်းတင်ခဲ့သည့်  Jeffree Star ၏ စံအိမ်ကြီးကို အမေရိကန်ဒေါ်လာ (၁၆.၇) သန်းဖြင့် ဝယ်ယူလိုက်သူများမှာ မြန်မာနိုင်ငံတွင် လူသိများသည့် သရုပ်ဆောင်စမိုင်းလ်တို့ ဇနီးမောင်နှံတို့ ဖြစ်ပြီး ငွေကြေးပမာဏအများအပြားသုံးစွဲပြီး အဆိုပါ စံအိမ်ကို ဝယ်ယူလိုက်ခြင်းအပေါ် နိုင်ငံတကာသတင်းများ၏ ကော်မန့်နေရာများတွင်   ဆိုရှယ်မီဒီယာအသုံးပြုသူ မြန်မာများ၏ ဝေဖန်မှု မှတ်ချက်များစွာကိုလည်း တွေ့နေရပြီး ၎င်းတို့သည် အာဏာသိမ်းစစ်တပ်နှင့်စပ်နွယ်သလို လက်နက်မှောင်ခိုပြုလုပ်နေသူများဖြစ်ကြောင်း မှတ်ချက်များစွာ ရေးသားထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Source: Dirt, The Real Deal