တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေထွက်ကုန်တွင် COVID 19 ပိုးတွေ့၍ လဝက်အတွင်း မြန်မာကုမ္ပဏီ (၂) ခု သွင်းကုန်လျှောက်ထားချက် ယာယီ ဆိုင်းငံ့ခံရ

Photo: Thestar
Photo: Thestar
တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေထွက်ကုန်တွင် COVID 19 ပိုးတွေ့၍ လဝက်အတွင်း မြန်မာကုမ္ပဏီ (၂) ခု သွင်းကုန်လျှောက်ထားချက် ယာယီ ဆိုင်းငံ့ခံရ
စက်တင်ဘာ 18, 2021 | နိုင်ငံတကာသတင်း

တရုတ်နိုင်ငံသို့ မြန်မာမှ တင်ပို့သည့် ရေထွက်ပစ္စည်းများတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၈) ရက်တာကာလအတွင်း မြန်မာကုမ္ပဏီ (၂) ခု၏ သွင်းကုန်လျှောက်ထားချက် (၃)ခုကို ယာယီဆိုင်းငံ့ခံရကြောင်း သိရသည်။

မြန်မာရေထွက်ပစ္စည်းလုပ်ငန်းကုမ္ပဏီ Ocean World Coldstore (မှတ်ပုံတင်နံပါတ် YGN/132/OW/DOF)က တင်သွင်းသည့် ငါးတံခွန်၏ ပြင်ပနမူနာထုပ်အား စက်တင်ဘာလ (၉) ရက်နေ့တွင် စစ်ဆေးရာ COVID 19 တွေ့ရသဖြင့် အဆိုပါကုမ္ပဏီ၏ သွင်းကုန် လျှောက်ထားချက်ကို တရုတ်အကောက်ခွန်ဌာနက တစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် စက်တင်ဘာလ (၁၇) ရက်နေ့တွင်လည်း အဆိုပါကုမ္ပဏီမှ ငါးတံခွန်နမူနာထုပ်စစ်ဆေးမှုတွင်လည်း ပိုးထပ်မံတွေ့ရသဖြင့် သွင်းကုန်လျှောက်ထားမှုအား ဒုတိယအကြိမ် တစ်ပတ်ထပ်မံဆိုင်းငံ့ခံရကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ (၁၄) ရက်နေ့ကလည်း Myanmar Golden Phoenix Industrial Co.,Ltd (မှတ်ပုံတင်အမှတ် YGN/023/MGPI/DOF)၏ ရေထွက်ပစ္စည်းပို့ကုန်များ၏ နမူနာများကို စစ်ဆေးရာ COVID 19 တွေ့ရသဖြင့် အဆိုပါကုမ္ပဏီ၏ သွင်းကုန်လျှောက်ထားမှုကို (၂) ပတ်ကြာ ဆိုင်းငံ့ခံရကြောင်း သိရသည်။ 

တရုတ်သို့ တင်ပို့သည့် မြန်မာရေထွက်ကုန်ပစ္စည်းများတွင် COVID 19 ပိုးတွေ့ရှိမှုဖြင့် သွင်းကုန်လျှောက်ထားမှုဆိုင်းငံ့ခံရခြင်းအဖြစ် ၂၀၂၁ ခုနှစ်အတွင်း ဇူလိုင်လ (၂၀) ရက်နေ့က Shwe Ngar Processing & Cold Store Plant (မှတ်ပုံတင်အမှတ် YGN/087/SN/DOF)ကို (၁) ပတ်ကြာဆိုင်းငံ့ခဲ့ပြီးနောက် ဩဂုတ်လ (၃၁) ရက်နေ့တွင် Myanmar CNFC Co.,Ltd (မှတ်ပုံတင်အမှတ် YGN/122/MCNFC/DOF) ကို (၁) ပတ်ကြာ ဆိုင်းငံ့ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် စက်တင်ဘာလအတွင်း ပို့ကုန်တွင် COVID 19 ပိုးတွေ့ရှိမှုဖြင့် မြန်မာကုမ္ပဏီ (၂) ခု၏ သွင်းကုန်လျှောက်ထားမှု (၃) ကြိမ်ဆိုင်းငံ့ခံရခြင်းဖြစ်ရာ ၂၀၂၁ ခုနှစ်အတွင်း ဇန်နဝါရီလမှ စက်တင်ဘာလ (၁၈) ရက်နေ့အထိ မြန်မာရေထွက်ပစ္စည်းတင်ပို့သူများ၏ သွင်းကုန်လျှောက်ထားမှု ယာယီဆိုင်းငံ့ခံရမှု စုစုပေါင်း (၅) ကြိမ်ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

#TachileikNewsAgency