ထိုင်းနိုင်ငံတွင် မေလကစပြီး  လေဆိပ်ဆိုက်ရောက်စဥ် COVID-19 "Test & Go" အစီအစဥ် ပယ်ဖျက်မည်

ထိုင်းနိုင်ငံတွင် မေလကစပြီး  လေဆိပ်ဆိုက်ရောက်စဥ် COVID-19 "Test & Go" အစီအစဥ် ပယ်ဖျက်မည်
By Mr John

ထိုင်းအစိုးရက လာမည့် မေလက စပြီး နိုင်ငံသို့လာရောက်သည့် COVID-19 ကာကွယ်ဆေးထိုးပြီးသား ခရီးသည်များ လေဆိပ်ဆိုက်ရောက်စဥ် စစ်ဆေးမှုခံယူရပြီး ကွာရန်တင်းဝင်ရန် လိုအပ်သည့် လက်ရှိ "Test & Go" အစီအစဥ်ကို ပယ်ဖျက်သွားမည်ဟု သိရသည်။

ထိုင်းအစိုးရက ချွတ်ခြုံကျနေသည့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ပြီး ထိုသို့ ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။



"Test & Go" အစီအစဥ်အစား ခရီးသည်များအနေဖြင့် ထိုင်းတွင် နေထိုင်စဥ်အတွင် ကိုယ်တိုင် COVID-19 စစ်ဆေးသည့် Antigen self-test လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

လက်ရှိ "Test & Go" အစီအစဥ်အရ ထိုင်းသို့လာရောက်သူများမှာ လေဆိပ်တွင် COVID-19 စစ်ဆေးမှုလုပ်ရပြီး စစ်ဆေးမှုရလဒ် သိရှိရချိန်အထိ ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်ရသည့် အစီအစဥ်ကြောင့် ထိုင်းသို့လာရောက်သည့် ခရီးသည်များမှာ ခရီးသွားလာမှုစရိတ် ပိုမိုကုန်ကျနေရသည်ဟု ဆိုသည်။



ပြီးခဲ့သည့် လအတွင်းက ထိုင်းသို့ မလာရောက်မီ COVID-19 စစ်ဆေးရန် လိုအပ်ချက်ကို ဖယ်ရှားခဲ့ပြီးနောက် "Test & Go" အစီအစဥ်ကိုလည်း ပယ်ဖျက်ရန် ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

"စီမံဆောင်ရွက်ချက်တွေကို ညှိပေးတာက ခရီးသွားလုပ်ငန်းအတွက် ခရီးသည်ပိုရလာနိုင်ဖို့ အကျိုးသက်ရောက်မှုရှိပါတယ်" ဟု ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်‌ရေး လုပ်ငန်းအဖွဲ့ ပြောခွင့်ရအမျိုးသား Taweesin Visanuyothin က ဧပြီ (၂၂) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။



ခရီးသွားလုပ်ငန်းမှာ ထိုင်းနိုင်ငံတွင် စီးပွားရေး အဓိက မောင်းနှင်အားဖြစ်ပြီး ကပ်ရောဂါကာလမတိုင်မီက ဂျီဒီပီ (GDP - Gross Domestic Product) ၏ (၁၂) ရာခိုင်နှုန်းခန့်မှာ ခရီးသွားလုပ်ငန်းဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံသည် အာရှဒေသတွင်း အားလပ်ရက်ခရီးထွက်ရန် လူကြိုက်အများဆုံး နေရာများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း ခရီးသည်ဝင်ရောက်မှုမှာ COVID-19 ကပ်ရောဂါကာလမတိုင်မီကထက် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။

ယခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံကို ခရီးသည် ၂၁၀,၈၀၀ လာရောက်ခဲ့ကြရာ ယမန်နှစ် အလားတူ အချိန်ကာလတွင် ခရီးသည် ၆,၇၀၀ လာရောက်ခဲ့သည့် အခြေအနေမှ တိုးတက်လာခဲ့သော်လည်း ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လစဥ် ပျမ်းမျှအားဖြင့် ခရီးသည် ၃.၃ သန်း လာရောက်ခဲ့မှုနှင့် နှိုင်းယှဥ်ပါက များစွာလျော့နည်းနေဆဲ ဖြစ်သည်။



ဧပြီ (၂၂) ရက်တွင် ဖြေလျှော့လိုက်သည့် ကပ်ရောဂါဆိုင်ရာ အခြား စည်းမျဥ်းသတ်မှတ်ချက်များတွင် ကျန်းမာရေးစောင့်ရှောက်မှု အာမခံကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ သို့ လျှော့ချလိုက်ခြင်းနှင့် ထိုင်းသို့မလာရောက်မီ စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း PCR (polymerase chain reaction) စစ်ဆေးမှုရလဒ် ပြသနိုင်သော ကာကွယ်ဆေးထိုးမထားသည့် ခရီးသည်များကို ဝင်ရောက်ခွင့်ပြုခြင်းတို့ ပါဝင်သည်။



Source: Reuters