ထိုင်းတွင် အလွန်ကူးစက်မြန်ပြီး ကိုယ်ခံအားစနစ်ကို ရှောင်နိုင်သော အိုမီခရွန် ထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ် ပထမဆုံး တွေ့ရှိ

ထိုင်းတွင် အလွန်ကူးစက်မြန်ပြီး ကိုယ်ခံအားစနစ်ကို ရှောင်နိုင်သော အိုမီခရွန် ထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ် ပထမဆုံး တွေ့ရှိ
အောက်တိုဘာ 20, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလွန်ကူးစက်မြန်ပြီး ကိုယ်ခံအားစနစ်ကို ရှောင်နိုင်သော COVID-19 မျိုးကွဲဗိုင်းရပ်စ် အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲ BQ.1 ဗိုင်းရပ်စ်  ပြည်တွင်းကူးစက်မှုတစ်ခုကို ပထမဆုံးအကြိမ် တွေ့ရှိရကြောင်းနှင့် တရုတ်နိုင်ငံမှ ရောက်ရှိလာသော အသက် (၄၀) နှစ်အရွယ် နိုင်ငံခြားသား အမျိုးသားဖြစ်ကြောင်း ဆေးသိပ္ပံဌာန အကြီးအကဲက ပြောသည်။

ထိုလူနာမှာ တရုတ်နိုင်ငံသား ဟုတ် မဟုတ်၊ ထိုင်းတွင် မည်မျှကြာရှည် နေထိုင်ခဲ့ကြောင်းနှင့် BQ.1 ဗိုင်းရပ်စ် ကူးစက်မှုမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း မည်သို့ သတ်မှတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဟု Bangkok Post သတင်းက ဖော်ပြသည်။ 

ဩဂုတ်လကုန်ပိုင်းတွင် လူနာက ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် လာရောက်ပြသခဲ့ကြောင်းနှင့် ရောဂါလက္ခဏာ ရှိနေပြီးသား မဟုတ်ကြောင်း ဆေးသိပ္ပံဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Supakit Sirilak က အောက်တိုဘာလ (၁၉) ရက်တွင် ပြောသည်။

ဆေးရုံက လုပ်ထုံးလုပ်နည်းများအတိုင်း လူနာထံမှ ဓာတ်ခွဲနမူနာများရယူပြီး ဆေးသိပ္ပံဌာန၏ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် စက်တင်ဘာလအတွင်း ထိုဓာတ်ခွဲနမူနာကို လေ့လာဆန်းစစ်မှုအား ဂျာမနီနိုင်ငံ အခြေစိုက် Global Initiative on Sharing Avian Influenza Data (GISAID) သို့ ဆက်လက် ပေးပို့ခဲ့သည်ဟု ဒေါက်တာ Supakit က ဆိုသည်။

ထိုစဥ်က လူနာထံတွင် တွေ့ရသည့် ဗိုင်းရပ်စ်မှာ အိုမီခရွန် ထပ်ဆင့်မျိုးကွဲ BE.1.1 ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။ 

သို့သော် GISAID က လူနာထံမှ ဓာတ်ခွဲနမူနာကို စစ်ဆေးပြီးနောက် BQ.1 ဗိုင်းရပ်စ်နှင့် ကိုက်ညီကြောင်း အောက်တိုဘာလ (၁၈) ရက်နေ့တွင် သတ်မှတ်ခဲ့သည်ဟု ဒေါက်တာ Supakit က ပြောသည်။ 

GISAID ထံမှ အချက်အလက်ကို ကိုးကားပြီး Ramathibodi ဆေးရုံရှိ Centre for Medical Genomics ကလည်း ထိုင်းနိုင်ငံတွင် အလွန်ကူးစက်မြန်ပြီး ကိုယ်ခံအားစနစ်ကို ရှောင်နိုင်သော အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲ BQ.1 ဗိုင်းရပ်စ် ပထမဆုံးကူးစက်မှု တွေ့ရှိရကြောင်း အောက်တိုဘာလ (၁၈) ရက်တွင် ကြေညာခဲ့သည်။

အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲဖြစ်သော BA.5 ဗိုင်းရပ်စ်မှ ဆင်းသက်လာသည့် BQ.1 နှင့် BQ.1.1 ကူးစက်မှုများအတွက် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေးဌာန Centers for Disease Control and Prevention (CDC) က သတိပေးချက် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။ 

BQ.1 မှာ အိုမီခရွန်ဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲများတွင်ပါဝင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organisation (WHO) က စောင့်ကြည့်နေသည့် ဗိုင်းရပ်စ်ဖြစ်ကြောင်း ဒေါက်တာ Supakit က ပြောသည်။

Source: Bangkok Post