ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုကနေ အမေရိကန် ကာကွယ်မည်ဟု ဂျိုးဘိုင်ဒန်၏ ပြောကြားမှုကို တရုတ်ဘက်က တုံ့ပြန်

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုကနေ အမေရိကန် ကာကွယ်မည်ဟု ဂျိုးဘိုင်ဒန်၏ ပြောကြားမှုကို တရုတ်ဘက်က တုံ့ပြန်
စက်တင်ဘာ 20, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာပါ အမေရိကန်တပ်ဖွဲ့များက ထိုင်ဝမ်ကို ကာကွယ်သွားမည်ဟု သမ္မတဂျိုးဘိုင်ဒန်၏ ပြောဆိုမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြောသည်။ 

နိုင်ငံကို အစိတ်အပိုင်းဖြစ်ရန် ခွဲထွက်ရေးလှုပ်ရှားမှုများကို တုံ့ပြန်ရန် တရုတ်က လိုအပ်သည့် စီမံဆောင်ရွက်မှုအားလုံးဖြင့် လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Mao Ning က ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

စက်တင်ဘာလ (၁၈) ရက်နေ့က ထုတ်လွှင့်ခဲ့သည့် CBS 60 Minutes အင်တာဗျူးအစီအစဥ်တွင် အမေရိကန်တပ်ဖွဲ့များအနေဖြင့် တရုတ်က ပိုင်ဆိုင်သည့်ကျွန်းဟု ပြောဆိုထားသော ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ကာကွယ်သွားမည်လားဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို မေးမြန်းခဲ့သည်။ 

ဂျိုးဘိုင်ဒန်က "ဟုတ်တယ်။ မကြုံစဖူး တိုက်ခိုက်မှုတစ်ခုရှိလာခဲ့ရင်တော့ ကာကွယ်သွားမယ်" ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ၏ ထိုအင်တာဗျူးအတွင်း ပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ (၁၉) ရက်တွင် တုံ့ပြန်လာခဲ့ခြင်း ဖြစ်သည်။ 

"ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းဖို့  ကျွန်မတို့ ဆန္ဒရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခွဲထွက်ဖို့ ရည်ရွယ်တဲ့ ဘယ်လို လှုပ်ရှားမှုတွေကိုမှ ကျွန်မတို့ သည်းခံမှာ မဟုတ်ပါဘူး" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Mao Ning က ပြောသည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့်ဆက်နွယ်သည့် ကိစ္စရပ်များကို သတိထားပြီး သင့်တော်စွာ ကိုင်တွယ်ရန်နှင့် ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားများကို မှားယွင်းသော အချက်ပြမှုများ မပို့ရန်လည်း သူမက တိုက်တွန်းခဲ့သည်။ 

တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ဆိုးရွားစွာ မထိခိုက်စေရန် Mao Ning က အမေရိကန်ကို သတိပေးခဲ့သည်။

"ကမ္ဘာမှာ တရုတ်တစ်နိုင်ငံတည်းရှိပါတယ်။ ထိုင်ဝမ်က တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိုးရကသာလျှင် တရုတ်ရဲ့ တရားဝင်အစိုးရ ဖြစ်ပါတယ်" ဟု သူမက ပြောသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယခုနှစ် မေလအတွင်းကလည်း ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုကနေ ခုခံကာကွယ်ရာတွင် စစ်ရေးအရ အကာအကွယ်ပေးရန် လိုလိုလားလားရှိကြောင်း ပြောကြားခဲ့ဖူးသည်။

အာရှခရီးစဥ်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိခဲ့စဥ် သတင်းထောက်တစ်ဦးက ထိုင်ဝမ် တိုက်ခိုက်ခံရပါက အမေရိကန်က ကာကွယ်မည်လားဆိုသည့် မေးခွန်းကို သမ္မတဂျိုးဘိုင်ဒန်က ပြန်လည်ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။ 

"ဒါက ကျွန်တော်တို့ရဲ့ ကတိကဝတ် ဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျွန်တော်တို့ သဘောတူပါတယ်။ ဒါကို လက်မှတ်ရေးထိုးထားပြီးပါပြီ။ ဒါပေမဲ့ ထိုင်ဝမ်ကို စစ်အင်အားသုံးပြီးသိမ်းမယ်ဆိုတဲ့ အကြံအစည်ကတော့ မသင့်လျော်ပါဘူး" ဟု အမေရိကန်သမ္မတက ပြောခဲ့သည်။

Source: Reuters