ဂျာမနီနိုင်ငံတွင် ရထားလမ်းချော်မှုကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး (၁၅) ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ဂျာမနီနိုင်ငံတွင် ရထားလမ်းချော်မှုကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး (၁၅) ဦး ပြင်းထန်စွာဒဏ်ရာရရှိ
By Mr John

ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း Bavaria ပြည်နယ်တွင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၃) ဦး သေဆုံးပြီး လူ (၃၀) ခန့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဇွန်လ (၃) ရက်နေ့က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုအတွင်း ဒဏ်ရာရခဲ့သူများအနက် (၁၅) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ကျောင်းသားအများအပြား လိုက်ပါလာသည့် အဆိုပါ ရထားမှာ မြူးနစ်မြို့သို့ ဦးတည်ခုတ်မောင်းလာစဥ် Garmisch-Partenkirchen မြို့အနီးတွင် လမ်းချော်တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ရထားလမ်းချော်မှုဖြစ်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ကြောင်း BBC ၏ ကနဦးသတင်းက ဖော်ပြသည်။

ပြည်တွင်းမီဒီယာတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ရထားတွဲအချို့ လဲကျနေတာ တွေ့ရပြီး ရထားလမ်းချော်မှုမှာ Bavaria ပြည်နယ်တွင် Pentecost ဘာသာရေးဆိုင်ရာ အားလပ်ရက်မတိုင်မီ နောက်ဆုံး ကျောင်းဖွင့်ရက်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

လမ်းချော်တိမ်းမှောက်သည့် ရထားပေါ်တွင် ကျောင်းသားအများအပြား လိုက်ပါလာသည်ဟုဆိုသော်လည်း အရေအတွက် အတိအကျကို လတ်တလော မသိနိုင်သေးကြောင်း CNN ၏ ကနဦးသတင်းက ပြောထားသည်။

ထိုရထားမှာ Garmisch-Partenkirchen မြို့မှ မြူးနစ်မြို့သို့ ခရီးစဥ် စတင်ထွက်ခွာလာခဲ့ပြီးနောက် မကြာမီမှာပင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်က လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။

ရထားလမ်းချော်မှုကြောင့် Garmisch-Partenkirchen နှင့် မြူးနစ်ကြား ရထားလမ်းပိုင်းကို ပိတ်ထားခဲ့ရပြီး လမ်းကြောင်းလွှဲပြောင်းခဲ့ကြောင်း ဂျာမန်ရထားကုမ္ပဏီ Deutsche Bahn က ပြောသည်။

ဂျာမနီနိုင်ငံတွင် ယနေခေတ်သစ်ကာလအတွင်း လူသေဆုံးမှုအများဆုံး ရထားမတော်ဆမှုမှာ ၁၉၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး Lower Saxony ပြည်နယ် Eschede နယ်မြေတွင် မြန်နှုန်းမြင့်ရထားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့ရာ လူ (၁၀၁) ဦး သေဆုံးခဲ့သည်။

မကြာသေးမီကာလအတွင်း ဂျာမနီတွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုအများဆုံး ရထားမတော်တဆမှုမှာ ဖေဖေါ်ဝါရီလအတွင်းက မြူးနစ်မြို့အနီး ရထားနှစ်စင်းတိုက်မိပြီး လူ (၁) ဦး သေဆုံးပြီး အခြား (၁၄) ဦး ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

Source: BBC, CNN