ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အဓိကကျသည့် ထိုင်း - ကမ္ဘောဒီးယား နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်

 ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပွဲ ပြုလုပ်စဉ်
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပွဲ ပြုလုပ်စဉ်
ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အဓိကကျသည့် ထိုင်း - ကမ္ဘောဒီးယား နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်
By Mr John

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ထိုင်းအရှေ့မြောက်ပိုင်း စူရီ ပြည်နယ်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နယ်စပ်ဂိတ်ပြန်ဖွင့်လိုက်သည့် မေလ (၆) ရက်နေ့ နံနက်ပိုင်းကစပြီး ကားများ နယ်စပ်ဖြတ်ကျော်သွားလာနေခဲ့ကြပြီ ဖြစ်သလို အဆိုပါ ထိုင်း - ကမ္ဘောဒီးယား နယ်စပ်ဂိတ်ကို ထိုင်းနှင့် နိုင်ငံခြားသားများအတွက် နေ့စဥ် နံနက် (၆) နာရီမှ ည (၁၀) နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ ကန့်သတ်ချက်များကို ဖြေလျှော့ပြီး နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ကိုင်ဆောင်သူတွေကို ထိုင်းတွင် နေထိုင်ခွင့်ကို သုံးရက်မှ ငါးရက်အဖြစ် တိုးမြှင့်သတ်မှတ်ပေးရန် ကမ္ဘောဒီးယား အုပ်ချုပ်ရေးမှူးတစ်ဦးက တောင်းဆိုခဲ့သည်။

စူရီ အုပ်ချုပ်ရေးမှူးက ထိုတောင်းဆိုချက်ကို ဆုံးဖြတ်ချက်ပေးရန် ဗဟိုအစိုးရထံ တင်ပြသွားမည်ဟု ပြောခဲ့သည်။

စူရီ တွင် ပြန်ဖွင့်လိုက်သည့် နယ်စပ်ဂိတ်မှာ ထိုင်းအရှေ့မြောက်ပိုင်းနှင့် ကမ္ဘောဒီးယားကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အဓိကနေရာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ပိတ်ထားခဲ့သည်။ 

ထိုင်းနိုင်ငံအတွင်း ပြည်နယ်ပေါင်း (၇၆)ခု နှင့် အထူးအုပ်ချုပ်နယ်မြေ(၁)ခုတို့အနက် မြန်မာ - ထိုင်းနယ်စပ်ဂိတ်အမှတ်(၁)တံတားများက လွဲ၍ ကျန်သည့် နယ်စပ်ဂိတ် (၁၇) ခုကို မေလ (၁) ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ရန် သဘောတူထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း COVID-19 ကပ်ရောဂါဆိုင်ရာဌာန Centre for COVID-19 Situation Administration (CCSA) မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားခဲ့သည်။

 ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပွဲ ပြုလုပ်စဉ်

မေလ(၁)ရက်နေ့က စပြီး ဖွင့်လှစ်ခွင့်ရရှိထားသည့် နယ်စပ်ပေါက်များရှိရာ ပြည်နယ်များမှာ လေ့၊  နခွန်ပထုန်၊  နောင်ခိုင်၊  မုဒဟံ၊  ဘွန်ကန်, စီစကစ်၊ စူရီ, စကဲအို၊ ကျန်ထဘူရီ၊ တခ့်၊ သရတ်, ကန်ချနဘူရီ၊ ရနောင်း၊  စုန်ခလာ၊ နရ်ထီဝတ်၊ ရလာ နှင့် နှင့် စာတွန်းတို့ ဖြစ်သည်။

ထိုင်းနိုင်ငံကို ကုန်းလမ်းခရီးဖြင့် ဝင်ရောက်ရာတွင် ကာကွယ်ဆေးထိုးထားသည့် ထိုင်းနိုင်ငံသားများနှင့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် မလေးရှား အပါအဝင် အိမ်နီးချင်း နိုင်ငံများမှ ခရီးသွားများအနေဖြင့် COVID-19 စစ်ဆေးမှုအဖြေ ပြသရန် သို့မဟုတ် အာမခံထားရှိရန် မလိုအပ်ဘဲ ဝင်ရောက်နိုင်မည်ဟု သိရသည်။

သို့သော် အိမ်နီးချင်း မဟုတ်သည့် အခြားနိုင်ငံများမှ နိုင်ငံခြားသားများ ထိုင်းနိုင်ငံကို ကုန်လမ်းခရီးဖြင့် ဝင်ရောက်လိုပါက Thailand Pass မှတစ်ဆင့် မှတ်ပုံတင်စာရင်းသွင်းရန်နှင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အာမခံ ကြိုတင်ဝယ်ယူရန် လိုအပ်အုံးမည်ဖြစ်သည်။ 

ကာကွယ်ဆေးထိုးမထားသည့် ခရီးသွားများလည်း ထိုင်းနိုင်ငံကို ကုန်လမ်းခရီးဖြင့် ဝင်ရောက်နိုင်သော်လည်း နိုင်ငံကို မဝင်ရောက်မီ (၇၂) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း RT-PCR စစ်ဆေးမှုအဖြေ ပြသရန်နှင့် Thailand Pass တွင် မှတ်ပုံတင်စာရင်းသွင်းရန်၊ အာမခံဝယ်ယူရန် လိုအပ်မည်ဖြစ်သည်။ မေလ (၆) ရက်နေ့၌ပင် ထိုင်း-မလေးရှား နယ်စပ်ဂိတ်သုံးခုကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

 

Source: The Thaiher

 photo by စူရီပြည်နယ်ရဲတပ်ဖွဲ့