ဂျပန်နိုင်ငံတွင် မျောက်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့က မေ့ဆေးသေနတ်သုံးလာရ

ဂျပန်နိုင်ငံတွင် မျောက်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့က မေ့ဆေးသေနတ်သုံးလာရ
ဇူလိုင် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံတွင် မျောက်တိုက်ခိုက်မှုများ  မြှင့်တက်လာပြီး ဒေသခံများကို ခြိမ်းခြောက်မှုကြောင့် ရဲတပ်ဖွဲ့က မေ့ဆေးသေနတ်များ အသုံးပြုလာရကြောင်း သိရဿည်။ 

မကြာသေးမီ သီတင်းပတ်များအတွင်း Yamaguchi မြို့တွင် မျောက်တိုက်ခိုက်မှုကြောင့် ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လူ (၄၂) ဦး ဒဏ်ရာရခဲ့သည်။ 

ထိုတိုက်ခိုက်မှုများမှာ ဂျပန်မျိုးရင်း Japanese macaque မျောက်တိုက်ခိုက်မှုများဖြစ်သည်ဟု ဆိုသည်။

ဂျပန်နိုင်ငံတဝန်း နေရာအများအပြားတွင် ထိုမျောက်များကို မြင်တွေ့နေကြဖြစ်ပြီး ယခုကဲ့သို့ တိုက်ခိုက်မှုများမှာ ပုံမှန်မဟုတ်ဘဲ ထူးခြားနေသည်။ 

"အချိန်တိုအတွင်းမှာ ဒီလိုတိုက်ခိုက်မှု အများအပြားဖြစ်တာမျိုး ရှားပါတယ်။ အစပိုင်းတုန်းက ကလေးတွေနဲ့ အမျိုးသမီးတွေပဲ တိုက်ခိုက်ခံခဲ့ရတယ်။ မကြာသေးခင်တုန်းကတော့ သက်ကြီးရွယ်အိုတွေရော အရွယ်ရောက်ပြီး အမျိုးသားတွေပါ တိုက်ခိုက်ခံလာရတယ်" ဟု အမည်မဖော်သူ Yamaguchi မြို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဒေသခံများ တိုက်ခိုက်ရသည့် နေရာတွင် မျောက်များကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းနှင့် ဇူလိုင်လအစောပိုင်းတွင် ပထမဆုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးကတည်းက ရဲတပ်ဖွဲ့က ကင်းလှည့်နေခဲ့သော်လည်း တိုက်ခိုက်ခဲ့သည့် မျောက်တရားခံကို ဖမ်းမိခဲ့ကြောင်း သိရသည်။ 

မျောက်တစ်ကောင်တည်း သို့မဟုတ် မျောက်များ၏ တိုက်ခိုက်မှုဖြစ်သည်ကို အာဏာပိုင်များက အတိအကျ မသိနိုင်‌သေးဟုလည်း ဆိုသည်။

တိုက်ခိုက်ခံရသူတို့ ရရှိခဲ့သည့်ဒဏ်ရာများမှာ မတူညီကြကြောင်း သတင်းများက ဖော်ပြကြပြီး ကုတ်ခြစ်ခံရမှု၊ ခြေထောက်နှင့်လက်တွင် အကိုက်ခံရမှုမှ လည်ပင်းနှင့် ဝမ်ဗိုက်တွင် အကိုက်ခံရမှုတို့အထိဖြစ်ကြောင်း သိရသည်။ 

မျောက်တိုက်ခိုက်ခံရမှု ဖြစ်ရပ်များအနက် တိုက်ခန်းတစ်ခုထဲသို့ ဝင်ရောက်လာပြီး အသက် (၄) နှစ်အရွယ် မိန်းကလေးကို ကုတ်ခြစ်မှုနှင့် မူကြိုကျောင်းစာသင်ခန်းထဲသို့ ဝင်ရောက်လာမှုတို့ ပါဝင်သည်။

မျောက်များက ဆလိုက်တံခါးများမှတစ်ဆင့် သို့မဟုတ် ပွင့်နေသည့်ပြတင်းပေါက်များမှတစ်ဆင့် နေအိမ်များအတွင်းသို့ ဝင်ရောက်မှုများရှိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ 

တစ်ချိန်က ထိခိုက်လွယ်သည့် မျိုးစိတ်ဖြစ်သော Japanese macaque မျောက်ကောင်ရေမှာ မကြာသေးမီက တိုးပွားလာခဲ့ကြောင်း သိရသည်။

Source: BBC