ပြင်သစ်တွင် လျှပ်စစ်မီး ချွေတာရေးအတွက် လိုက်နာရန်များ အမိန့်ထုတ်ညွှန်ကြား ထုတ်သွားမည်

Photo: walesonline
Photo: walesonline
ပြင်သစ်တွင် လျှပ်စစ်မီး ချွေတာရေးအတွက် လိုက်နာရန်များ အမိန့်ထုတ်ညွှန်ကြား ထုတ်သွားမည်
ဇူလိုင် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြင်သစ်နိုင်ငံတွင် လေအေးပေးစက်ဖွင့်ထားချိန်၌ တံခါးများ ပိတ်ထားကြရန်နှင့် နီယွန်မီးအသုံးပြု ကန့်သတ်ရန် အစိုးရက ဈေးဆိုင်များကို အမိန့်ထုတ်ညွှန်ကြားသွားမည်ဟု ဆိုသည်။ 

ထိုစည်းမျဥ်းကို နေရာဒေသအချို့တွင် ကျင့်သုံးနေပြီဖြစ်ပြီး ပြင်သစ်တစ်နိုင်ငံလုံး၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Ecological Transition ဝန်ကြီး Agnes Pannier-Runacher က Journal du Dimanche သတင်းစာကို ပြောသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဥရောပတွင် စွမ်းအင်အသုံးစရိတ်များ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ 

လေအေးပေးစက်ဖွင့်ထားချိန်တွင် တံခါးပိတ်ရမည့် စည်းမျဥ်းကို ချိုးဖောက်သည့်ဆိုင်များအား ယူရိုငွေ (၆၄၀) အထိ ဒဏ်ရိုက်သွားမည်ဟု ဆိုသည်။ 

လေအေးပေးစက်ဖွင့်ထားစဥ် တံခါးမပိတ်ဘဲထားခြင်းက အဓိပ္ပါယ်မဲ့ကြောင်း ဝန်ကြီး Agnes က ပြည်တွင်းရေဒီယိုသတင်းဌာန RMC ကို ပြောခဲ့သည်။

သူမအနေဖြင့် လာမည်ရက်များအတွင်း စွမ်းအင်ဖြုန်းတီးမှုနှင့် ပတ်သက်၍ အမိန့်ဒီကရီ (၂) ခု ထုတ်သွားမည်ဟုလည်း ဝန်ကြီး Agnes က Journal du Dimanche သတင်းစာကို အတည်ပြုသည်။

 "ပထမတစ်ခုက နီယွန်မီးရောင်စုံ ကြော်ငြာဆိုင်းဘုတ်များ တားမြစ်ပိတ်ပင်မှုကို တိုးချဲ့သွားမှာပါ။ မြို့အရွယ်အစား ဘယ်လောက်ပဲဖြစ်ပါစေ မနက် ၁ နာရီကနေ ၆ နာရီအထိ ကြော်ငြာဆိုင်းဘုတ်မီးတွေ ပိတ်ထားရပါမယ်။ ဒုတိယတစ်ခုက ဆိုင်တွေမှာ လေအေးပေးစက် ဖွင့်ထားရင် တံခါးတွေ ပိတ်ထားရပါမယ်" ဟု သူမက ပြောသည်။

နီယွန်မီးရောင်စုံ ကြော်ငြာဆိုင်းဘုတ်များ တားမြစ်ပိတ်ပင်မှုကို လူဦးရေ ၈၀၀,၀၀၀ အောက်ရှိသည့် ဧရိယာများတွင် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ 

လေဆိပ်များနှင့် ရထားဘူတာရုံများမှာ ထိုတားမြစ်ပိတ်ပင်ချက်တွင် အကျုံးမဝင်ဘဲ ကင်းလွတ်ခွင့်ရမည်ဟု ဆိုသည်။ 

ရုရှားထံမှ ဂက်စ်ပေးသွင်းမှု လျော့ကျသွားခြင်းကြောင့် ရုန်းကန်နေရမှုနှင့်အတူ ဥရောပတွင် စွမ်းအင်ခွဲတမ်းစနစ် ရှိလာနိုင်ခြေကို ဖယ်ထား၍မရကြောင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ Shell က သတိပေးထားသည်။ 

ပြင်သစ်တွင် အပူလွန်ကဲမှု ဆက်လက်ဖြစ်ပေါ်နေရာ လေအေးပေးစက်သုံးစွဲမှု မြင့်တက်နေကြောင်း သိရသည်။

Source: BBC