တာချီလိတ်မြို့တွင် 9 CHAN Bar အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည်ကို လျစ်လျူရှုပြီး တာချီလိတ်ရဲက ဆိုင်မန်နေဂျာအား လိုင်စင်မဲ့ အရက်ရောင်းချမှုဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် 9 CHAN Bar အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားသည်ကို လျစ်လျူရှုပြီး တာချီလိတ်ရဲက ဆိုင်မန်နေဂျာအား လိုင်စင်မဲ့ အရက်ရောင်းချမှုဖြင့် အမှုဖွင့်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့  ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း 1G1 ဟိုတယ်အနီးရှိ 9 CHAN Bar တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုဖြစ်ပွားသည့် ကိစ္စကို လျစ်လျူရှုပြီး တာချီလိတ်ရဲတပ်ဖွဲ့က တရားမဝင်လိုင်စင်မဲ့ အရက်ရောင်းချမှုဖြင့် အဆိုပါဆိုင်၏  မန်နေဂျာဆိုသူကို အမှုဖွင့်လိုက်ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး 9 CHAN Bar ကို တာချီလိတ်မြို့နယ်ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးကျော်ကျော်ဦး နှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဝေဖြိုးတို့က ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပြီး ဆိုင်အတွင်းမှ  ထိုင်းနိုင်ငံထုတ် Singha Beer (၁၀)ဖာ နှင့် Regency အရက် (၁၂)လုံးပါသည့် (၃)ဖာကို တွေ့ရှိသည့်အတွက် တရားမဝင်လိုင်စင်မဲ့ အရက်ရောင်းချမှုဖြင့် အမှုဖွင့်သည်ဟု သိရသည်။

"တာချီလိတ်ရဲ့ ထုံးစံအတိုင်း ကျွန်တော်တို့ အရေးယူဆောင်ရွက်ထားပါပြီ ဆိုတာမျိုး အထက်ကို တင်ပြချင်လို့၊။ လုပ်ကြံပြီး အမှုဖွင့်လိုက်တာပဲ။ အခုလို တလွဲလုပ်တာကိုက ဒီလို မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမှုတွေကို အားပေးအားမြှောက် ခွင့်ပြုထားသလိုပဲဗျ၊ တာချီလိတ်မှာ ဘားတွေ၊ KTV တွေ၊ ကလပ်တွေမှာ လိုင်စင်မဲ့ အရက်တွေ ရောင်းနေကြတာပဲ။ အခုက မင်းမဲ့ဆန်ဆန် သေနတ်ပစ်ခတ်မှုကို ဖုံးကွယ်ချင်လို့ လိုင်စင်မဲ့ အရက်ရောင်းချမှုနဲ့ ဖွင့်တာ။"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

  9 CHAN Bar ၏ ဆိုင်မန်နေဂျာဆိုသူ စိုင်းအောင်စစ် အား တရားမဝင်လိုင်စင်မဲ့ အရက်ရောင်းချမှုဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဝေဖြိုးက တရားလိုပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင်  (ပ)၁၂၂/၂၀၂၂၊ ၁၉၂၅ခုနှစ် ရှမ်းပြည်နယ်ယစ်မျိုးအမိန့် အပိုဒ်(၃)အရ အမှုဖွင့်ပြီး ခံဝန်ပေးထားကြောင်း သိရသည်။

"တာချီလိတ်မှာ ထိုင်းဘက်က ပြေးလာတဲ့ တရားခံပြေး မူးယစ်ရာဇာတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ တာချီလိတ်က ရဲတွေ နဲ့ တာချီလိတ်တပ်နယ်က အကုန်သိတယ်။ ပိုက်ဆံရနေတော့ မတို့ရဲ မထိရဲပုံစံမျိုးထားတာ။ အဲ့လို ထိုင်းတွေကို ကလပ်တွေမှာ ခဏခဏတွေ့တယ်။ ကလပ်တွေကို ရဲတွေလည်း လာလည်ကြတာတွေ့တယ်။ သူတို့တွေ ဆုံရင် ရဲတွေက ပိုက်ဆံသောင်းတယ် ထိုင်းတွေကလည်း အဲ့ရဲတွေကို မုန့်ဖိုးဆိုပြီး ထိုင်းဘတ်ငွေ ထောင်တန် အထပ်လိုက် ထုတ်ထုတ်ပေးတာ တွေ့နေကြပဲ"ဟု လုံခြုံရေးအရ အမည်ဖော်လိုသူ တစ်ဦးက ပြောပြသည်။

 9 CHAN Bar အတွင်း သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဗီဒီယို မှတ်တမ်းကို Facebook Page တခုက တင်လာပြီးနောက်ပိုင်းတွင် သတင်းမီဒီယာများပေါ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို ဖုံးကွယ်ရန်အတွက်  ဒေသတွင်းရှိ သတင်းစာမျက်နှာ Page တခုကလည်း ဖော်ပြပြီးသား သတင်းကို ပြန်လည်ဖြုတ်ချပေးလိုက်ရသည်ဟု သိရသည်။ 

 

ပစ်ခတ်မှု ဖြစ်ပွားသည့် ဗီဒီယို မှတ်တမ်း

 9 CHAN Bar တွင် ၂၀၂၂ခုနှစ်  ဇူလိုင်လ(၂၃)ရက်နေ့ အကူး နံနက်(၃)နာရီ ဝန်းကျင်အချိန်က အဆက်မပြတ် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အဆိုပါ ဆိုင်အတွင်းရှိ ထိုင်ခုံနှင့် အောက် သမံတလင်းပေါ်တို့တွင် သွေးများအိုင်နေသည်ကို VDO မှတ်တမ်းတစ်ခုတွင် တွေ့ရပြီး ပစ်ခတ်မှုကြောင့် လူ(၁)ဦးမှ (၃)ဦးအထိ သေသည်ဟု ကြားသိရသော်လည်း သေဆုံးသည့် အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လာခြင်းမရှိဟု သိရသည်။

တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်ကို ဖုံးကွယ်ထားပြီး ဆိုင်အား ရှောင်တခင်သဖွယ် စစ်ဆေးရာမှ တရားမဝင် လိုင်စင်မဲ့ အရက်ဘီယာများ ရောင်းချ၍ အရေးယူထားသည်ဟုသ ပုံဖော်ထားရှိသည်။

အဆိုပါ ပစ်ခတ်မှုကို ကျူးလွန်သူများမှာ ထိုင်းနိုင်ငံဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် မူးယစ်တရားခံပြေးများဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍  ပါဝင်ပတ်သက်မှုရှိပြီး အဂတိလိုက်စားသည့် ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးကာ စစ်ကြောရေးပြုလုပ်ပြီးနောက် ရဲဆုံခုံဖွဲ့စစ်ဆေးခံရရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သေးသည်။ 

ပုံအညွှန်း - 9 CHAN Bar အတွင်း ပုံများ

#TachileikNewsAgency