တာချီလိတ်မြို့ရှိ 9 CHAN Bar တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လူသေဆုံးမှုများရှိကြောင်း သတင်းထွက်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့  ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း 1G1 ဟိုတယ်အနီးရှိ 9 CHAN Bar တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးသည်အထိ ရှိသည်ဟု ကြားသိရသည်။

၂၀၂၂ခုနှစ်  ဇူလိုင်လ(၂၃)ရက်နေ့ အကူး နံနက်(၃)နာရီ ဝန်းကျင်အချိန်က 9 CHAN Bar အတွင်း သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့သည် တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် ထိုင်းမူးယစ်အဖွဲ့ကဟု နီးစပ်သူများက ဆိုသည်။ 

"အ​ထောက်အထားမဲ့ ​နေတဲ့ ထိုင်း မူးယစ်ရာဇာ အဖွဲ့​တွေလို့​တော့ကြားတယ်။ သူတို့က အုပ်စုလိုက်​နေတာ။ အဖမ်းဆီးရှိမယ်ဆိုရင် မထွက်ကြဘူး။နည်းနည်းရှင်းပြီဆိုမှ တပည့်​တွေနဲ့ အုပ်လိုက်လည်တာ။ အခု ပစ်ခတ်တာ လူ(၃)ယောက်သေတယ်လို့ ကြားတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘာဒီးယား နှင့် မလေးရှား စသည့် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြားရှိ နေပြီး လက်နက်ကိုင်ဆောင်မှုအထိ ရှိနေရာ ဒေသအာဏာပိုင်များက မထိန်းနိုင်သည့် အခြေအနေများအထိပင် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ 

 "တာချီလိတ်မှာ ထိုင်းဘက်က ပြေးလာတဲ့ မူးယစ်ရာဇာတွေအများကြီးရှိတယ်။ အဲ့လိုလူတွေကို ရဲကရော စစ်တပ်ကရော သိတယ်။ ပြည်သူ့စစ်တစ်ဦးကတောင် အဲ့လို ထိုင်းတွေကို အကာအကွယ်ပေးထားသေးတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်တွင် လူသေဆုံးမှုရှိသည်မှာ (၂)ဦးမှ (၃)ဦးအထိ သေဆုံးမှုရှိသည်ဟု ကြားသိရသော်လည်း ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ Tachileik News Agency မှ အတည်မပြုနိုင်သေးပါ။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာများတွင် ဖော်ပြနိုင်ခြင်းမရှိရန် နယ်မြေခံစစ်တပ်နှင့်ရဲတို့က သတင်းဖုံးထားသည်ဟု သိရသည်။

#TachileikNewsAgency