ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတွင် မိုးသည်းထန်ပြီး ရေကြီးမှုများအတွင်း အနည်းဆုံး လူ (၄၁) ဦး သေဆုံးပြီး  လူဦးရေ သန်းနှင့်ချီ သောင်တင်နေ

ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယတွင် မိုးသည်းထန်ပြီး ရေကြီးမှုများအတွင်း အနည်းဆုံး လူ (၄၁) ဦး သေဆုံးပြီး  လူဦးရေ သန်းနှင့်ချီ သောင်တင်နေ
By Mr John

ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံတို့တွင် မုတ်သုံရာသီ မိုးသည်းထန်းပြီး ရေကြီးမှုများကြောင့် အနည်းဆုံး လူ (၄၁) ဦး သေဆုံးပြီး လူဦးရေ (၆) သန်းနီးပါး သောင်တင်နေကြောင်း တာဝန်ရှိသူတွေက ဇွန်လ (၁၈) ရက်တွင် ပြောသည်။ 

ဘင်္ဂလားဒေရှ်တွင် အနိမ့်ပိုင်းဒေသများ၌ နေထိုင်ကြသည့် သန်းနှင့်ချီသော ဒေသခံများအတွက် ပုံမှန်ကြုံတွေ့နေကြ ဘေးအန္တရာယ်တစ်ခုလည်း ဖြစ်သည်။

သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးမှုများမှာ အကြိမ်ရေ ပိုများလာပြီး ပိုမိုဆိုးရွားလာကာ ခန့်မှန်းမရနိုင်ဖြစ်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ အာဏာပိုင်တွေက ရာသီဥတုအခြေအနေ ပိုဆိုးလာနိုင်ကြောင်း သတိပေးထားကြသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဇွန်လ (၁၇) ရက်နေ့က စပြီး မိုးကြိုးပစ်မှုများကြောင့် ခရိုင် (၈) ခုအတွင်း အနည်းဆုံး လူ (၂၁) ဦး သေဆုံးခဲ့ကြောင်းနှင့် မြေပြိုမှုများအတွင်း နောက်ထပ် (၄) ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်လာနိုင်ခြေရှိကြောင်းနှင့် အိန္ဒိယတောင်တန်းများတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုက အခြေအနေကို ပိုဆိုးလာစေကြောင်း အစိုးရကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ဇွန်လ (၁၈) ရက်နေ့တွင်လည်း မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး နောက်နှစ်ရက်အတွင်း မိုးရွာသွန်းမှုပိုမိုလာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

"နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း နေရာအများစုမှာ ရေလွှမ်းနေပြီး ဆက်ပြီးမိုးသည်းထန်နေတာကြောင့် အခြေအနေ ပိုဆိုးလာနေတယ်" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sylhet ဒေသ အုပ်ချုပ်ရေးမှူး Mohammad Mosharraf Hossain က ပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် Meghalaya ပြည်နယ်တွင်လည်း ဇွန်လ (၁၆) ရက်နေ့မှစပြီး မြေပြိုမှုများနှင့် မြစ်ရေလျှံတက်ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အနည်းဆုံး လူ (၁၆) ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Conrad Sangma က Twitter တွင် ရေးထားသည်။ 

အာဆမ်ပြည်နယ်တွင်မူ (၅) ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လူဦးရေ (၁.၈) သန်းကျော် ရေကြီးမှုကြုံနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ မကြာသေးမီ နှစ်များအတွင်း ပိုများလာခဲ့ပြီး ကြီးမားသည့်ပမာဏ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များကို အထူးသဖြင့် အနိမ့်ပိုင်းနှင့် လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ်တွင် ကြုံတွေ့ရနိုင်ကြောင်း  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက သတိပေးကြသည်။

Source: Bangkok Post, Reuters

Photo: REUTERS/Abdul Goni, Jayanta Dey,  Mohammad Ponir Hossain,